ဘင်္ဂလားဒေ့ရှ် နိုင်ငံကို
မြန်မာပြည် ဘက်ခြမ်းကနေ ခိုးဝင် လာတယ် ဆိုတဲ့ သူတွေကို စိစစ်ပြီး
မြန်မာပြည် ပြန်ဖို့ဖို့ အစီအစဉ် တခုကို ဘင်္ဂလားဒေ့ရှ် ကက်ဘိနက်က အတည်ပြု
လိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ပတ်က ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ ဟာ Cox's Bizarr မှာရှိတဲ့ ဒုက္ခသည်
စခန်းတွေကို ကိုယ်တိုင် သွားလေ့လာခဲ့ အပြီးမှာ အဲဒီမှာ ရှိတဲ့
ရိုဟင်ဂျာတွေရဲ့ အခြေအနေ တွေကို အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
အဲဒီ အစီရင်ခံစာကို အခြေခံ ရေးဆွဲထားတဲ့ အစီအစဉ်ကို ဝန်ကြီးချုပ် ရှိတ်ခ်
ဟာဆီနာ ဦးဆောင်တဲ့ ကက်ဘိနက် လွှတ်တော်က အခုလို အတည်ပြုလိုက်တာပါ။
မြန်မာပြည် ဘက်ခြမ်းကနေ နယ်စပ် ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ သူတွေ
ခိုလှုံနေရာ Cox's Bizarr ဒုက္ခသည် စခန်းတွေမှာ တရားဝင် ဒုက္ခသည် အရေအတွက်
၃သောင်းလောက် ရှိတယ်လို့ ဆိုပေမယ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့
သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ မှာတော့ တရားမဝင် လူအရေအတွက် ၃သိန်းလောက်
အထိ ရှိနေတာ တွေ့ခဲ့ရတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ဒီလောက်
လူအရေအတွက်ကို လက်ခံထားရ တာဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး
ဖြစ်နေတဲ့ အတွက် အခုလို စိစစ် စစ်တမ်း ကောက်ယူပြီး မြန်မာ ပြည်ဘက်
ပြန်ပို့ဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။
ဒါ့အပြင် သက်သေ အထောက်အထား မရှိသူတွေကို အသေအချာ စိစစ်ပြီး မြန်မာပြည်ဘက် အခြမ်း ပြန်ပို့ရတဲ့ နောက်အကြောင်းရင်းတခု ရှိပါသေးတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ဘီဘီစီ ဘင်္ဂါလီဌာန သတင်းထောက် Akbar Hossein
က ရှင်းပြရာမှာ ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်း ရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်တွေ တရားမဝင် ယူပြီး အရှေ့ အလယ်ပိုင်း ဒေသ
နိုင်ငံတွေကို ပြောင်းရွှေ့ အခြေချကြကြောင်း၊ ပြီးတော့ အဲဒီ နိုင်ငံတွေမှာ
ရာဇ၀တ်မှုတွေ ကျူးလွန် ကြတာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် မျက်နှာ
ပျက်စရာတွေ ဖြစ်လာရတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အခုလို လုပ်တာလို့ Akbar
Hossein က ပြောပြပါတယ်။
ဒီတော့ မြန်မာအစိုးရ ဘက်ကရော ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းက နှင်ထုတ်လိုက်တဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမှာလားလို့ မေးစရာ ရှိပါတယ်။
ဒါနဲ့ ပတ်သက်လို့ Akbar Hossein က ရိုဟင်ဂျာ တွေကို ပြန်လက်ခံရေးနဲ့
ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ
အစိုးရအကြား ဆွေးနွေး ပြောဆိုမှုတွေ လုပ်နေခဲ့ကြောင်း၊ နှစ်နိုင်ငံ
နိုင်ငံခြားရေး တာဝန် ရှိသူတွေ အကြား တွေ့ဆုံ ဆွေးနွေးမှု အတော်များများ
ကိုလည်း ဒက္ကာမြို့မှာ လုပ်ခဲ့ကြောင်း၊ ဒီရိုဟင်ဂျာတွေ ကိစ္စကို မြန်မာ
အစိုးရဘက်က သိပ်အရေးမထားတာ တွေ့ရတာကြောင့် ပိုဖိအားပေး ပြောဆိုဖို့
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ကြိုးစားနေပါတယ်လို့ Akbar Hossein က ပြောပြပါတယ်။
တခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ခိုးဝင်လာတဲ့ သူတွေဟာ သူတို့
နိုင်ငံသားတွေနဲ့ ရုပ်လည်း တူတယ်၊ ဘာသာ စကားလည်း တူနေတာကြောင့် စိစစ်
စစ်တမ်း ကောက်ရာမှာ အခက်အခဲ တွေ့နိုင်ကြောင်း၊ ဒါ့ကြောင့် သက်သေ အထောက်အထား
မရှိသူတွေကို စိစစ် ဖေါ်ထုတ်နိုင်ဖို့ ဒီလို စစ်တမ်း ကောက်ယူတဲ့ အခါမှာ
ဒေသခံ ဘင်္ဂါလီတွေ အနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့
တိုက်တွန်း ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို စိစစ် စစ်တမ်း
ကောက်ယူတဲ့အခါ တကယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အခြမ်းမှာ
နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ သူတွေကိုတော့ ဆက်နေခွင့် ပြုဖို့ ထည့်သွင်း
စဉ်းစားသွားမယ်လို့ လည်း သိရပါတယ်။
လောလောဆယ်မှာ ဒီစစ်တမ်း
ကောက်ယူရေး အစီအစဉ်ကို ကက်ဘိနက် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပေမယ့်
အသေးစိတ် ဆွေးနွေးညှိနှိုင်း ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ
စတင် ဆောင်ရွက်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မျှော်လင့် နေတယ်လို့
သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Thit Htoo Lwin - News
No comments:
Post a Comment