Tuesday, September 10, 2013

ရန်ကုန်မြို့နေ ပြည်သူများအတွက် ရေဂါလန် ၂၀၅ သန်း နေ့စဉ်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ရန်ကုန် စက်တင်ဘာ ၉


ရန်ကုန်မြို့နေပြည်သူများအတွက် နေ့စဉ်ရေဂါလန်သန်း ၁၆၀ ပေးဝေ လျက်ရှိရာမှ ၂၀၁၃ ခုနှစ်နှောင်းပိုင်း ပွင့်လင်းရာသီတွင် ရေဂါလန် ၄၅ သန်း တိုးမြှင့်ကာ နေ့စဉ် ရေဂါလန် ၂၀၅ သန်းအထိ ထပ်မံတိုးမြှင့်ဖြည့်ဆည်း ပေးနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငမိုးရိပ်ရေပေး ဝေရေးစီမံကိန်း ရေသန့်စင်စက်ရုံ ဒုတိယအဆင့်လုပ်ငန်းစီမံကိန်းကို စီမံ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရေဂါလန် ၄၅ သန်း ထပ်မံဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆင့်မြင့် ပလတ်စတစ်ပိုက် (HDPE))ရေပို့ပိုက်များ ဆက်သွယ်ခြင်းကို ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်မှ စတင်ပြီး သင်္ဃန်း ကျွန်းမြို့နယ် သံသုမာလမ်းမှ မှော်ဘီငမိုးရိပ်စီမံကိန်း(ညောင်နှစ်ပင်)၊ ဒုတိယအဆင့် ရေသန့် စက်ရုံအထိ ၂၂ ဒသမ ၉၇ မိုင်အား အချင်း ၄၈၊ ၄၀၊ ၃၀၊ ၂၈ နှင့် ၂၄ လက်မများရှိ (HDPE) ပိုက်ဆက်သွယ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ စက်ရုံတည်ဆောက် ခြင်း၊ လျှပ်စစ်ဓာတ်အား ခွဲရုံ၊ ရေတင်စက်၊ ရေတွန်းစက်ရုံ၊ ရေစစ်ကန်၊ အကြိုအနည်ထိုင်ကန်၊ ရေစုကန်၊ အနည်ထုတ်ကန် တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တည်ဆောက်လျက် ရှိသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက နေ့စဉ် စုစုပေါင်းရေဂါလန် ၂၀၅ သန်း အထိ တိုးမြင့်ရရှိလာသည့် အတွက် ရန်ကုန်မြို့နေ လူဦးရေ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျန်းမာရေးနှင့်ညီညွတ် သည့် သန့်ရှင်းကြည်လင်သော ရေကောင်းရေသန့်များ ရရှိမည်ဖြစ်သည်။ ရေအားနည်းသောမြို့ နယ်၊ ရပ်ကွက်များလည်း ရေအားပိုမိုရောက်ရှိသွားရန် စီစဉ်ဆောင်ရွက်ထားသည်။

စီမံကိန်းလုပ်ငန်းများကို ယခုနှစ် စက်တင်ဘာနောက်ဆုံးပတ်တွင် အပြီး ဆောင်ရွက်မည်ဖြစ်သည်။ ပွင့်လင်းကာလတွင် ငမိုးရိပ်စီမံကိန်း (ညောင် နှစ်ပင်)ရေသန့်စင်စက်ရုံ ဒုတိယ အဆင့်စီမံကိန်း ကိုဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာက စီစဉ်လျက်ရှိကြောင်း သိရသည်။

ပိုက်ဆက်သွယ်ဖြတ်သန်း သွားသော မြို့နယ်များဖြစ်သည့် သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံစသည့်မြို့နယ် များ သည် ယခင် ရေအား ရောက်ရှိမှုအချိန်ထက် ပိုမိုရောက်ရှိ၊ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
(ရီသန့်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment