ရန်ကုန်မြို့တော်၏
ဒုတိယဗဟို စီးပွားရေးဇုန် စီမံကိန်းနှင့် စီးပွားရေး အဆောက်အအုံများ၊
စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် မြေငှားရမ်းခြင်းအတွက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာ ၉ ရက်တွင် တင်ဒါခေါ်ယူရန်
ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်မြို့၏ ဒုတိယဗဟို
စီးပွားရေးဇုန်ကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့်
တော်ဝင်လမ်းထောင့်ရှိ မြေဧရိယာ ၃၆ ဒသမ ၅၅၁ တွင် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းတွင်ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊
ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊
အီလက်ထရွန်းနစ် စင်တာများ၊ အရောင်းခန်းမများ၊ ရုံးခန်းအဆောက်အအုံများ
တည်ဆောက်ခြင်းတို့ ပါဝင်နိုင်ကြောင်း သိရသည်။
ထို့အတူ
ရန်ကုန်မြို့၏ စီးပွားရေး အဆောက်အအုံစီမံကိန်းတစ်ခုအဖြစ်
မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း
လမ်းထောင့်ရှိ မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး
စီမံကိန်းတွင် ဒုတိယဗဟို စီးပွားရေးဇုန်၌ တည်ဆောက်မည့် အဆောက်အအုံ
များအပြင် လူနေတိုက်ခန်းများပါ ထည့်သွင်း တည်ဆောက်ခြင်းတို့
ပါဝင်နိုင်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများ ဆောင်ရွက်ရန်
မြေငှားရမ်းမည့် တင်ဒါခေါ်ယူခြင်းကို နိုင်ငံခြား ကုမ္ပဏီများ၊
ပြည်တွင်းကုမ္ပဏီနှင့် နိုင်ငံခြား ကုမ္ပဏီတို့ ပါဝင်သော ဖက်စပ်လုပ်ငန်းများ
ပါဝင်ယှဉ်ပြိုင်နိုင်ပြီး တင်ဒါအောင်သူသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက အတည်ပြုသည့် အစီအစဉ်များနှင့် အညီ တည်ဆောက် လုပ်ကိုင်ရမည်
ဖြစ်သည်။
တင်ဒါများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီ
မတိုင်မီ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါများကို ငွေကြေးဆိုင်ရာ
အဆိုပြုလွှာနှင့် ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာဟူ၍
စာအိတ်နှစ်ခုဖြင့် တင်သွင်းရန်နှင့် တင်ဒါတင်သွင်းသူများ လိုက်နာရန်
ညွှန်ကြားချက်များနှင့် အညီ တင်သွင်းရန် လိုအပ်ကြောင်း သိရသည်။
တင်ဒါစာရွက်စာတမ်း အပြည့်အစုံကို အမေရိကန်ဒေါ်လာ ၁၀၀၀ သို့မဟုတ်
ကျပ်တစ်သန်းဖြင့် ၀ယ်ယူနိုင်သည်။ တင်ဒါ အာမခံ အနေဖြင့် အမေရိကန်ဒေါ်လာ
တစ်သန်းတန်ဖိုးရှိ သက်တမ်း ခြောက်လရှိသော ဘဏ်အာမခံ ပါရှိရမည်ဖြစ်ပြီး
ပြည်တွင်း သို့မဟုတ် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၏ အဆက်အသွယ်
ဘဏ်ဖြစ်သည့် ပြည်ပဘဏ်မှ ထုတ်ပေးခြင်း ဖြစ်ရမည်ဖြစ်သည်။
တင်ဒါဖွင့်လှစ်မည့် နေ့ရက်နှင့် အချိန်ကို တင်ဒါတင်သွင်း သူများကို
အကြောင်းကြားမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်ခြင်း အခမ်းအနားကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး၌ တင်ဒါတင်သွင်းသူ
ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment