Tuesday, September 10, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံသော နိုင်ငံရေး ပါတီတစ်ခု ထူထောင်မည် ဆိုသော သတင်းမမှန် Created on Tuesday, 10 September 2013 00:33


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံသော နိုင်ငံရေး ပါတီတစ်ခု ထူထောင်မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်း မှန်ကန်ခြင်း မရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ငြင်းဆိုခဲ့သည်။

နိုင်ငံရေး ဆန်းစစ်လေ့လာ သူများအကြား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ထူထောင်ရန် ပြင်ဆင်နေပြီး ထိုပါတီသည် ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံမည်ဟူသော ပြောဆိုမှုများ စက်တင်ဘာ ၉ ရက်က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ထိုသတင်း မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့က အဲဒါနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူး။ ထင်ကြေးတွေ ဖြစ်နေမှာပါ။ လောလောဆယ် ကျွန်တော်တို့ သိသလောက်တော့ မရှိဘူးဗျ။ မဟုတ်ဘူးပေါ့ဗျာ။ အဲဒါတွေက ထင်ကြေးတွေ။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချရဘူး ဆိုတာ ဖွဲ့စည်းပုံမှာ ပါပြီးသား။ လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မလုပ်ရဘူး။ အဲဒါတွေက အခြေအမြစ် မရှိဘူး။ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေးကတော့ လူတိုင်းနဲ့ဆိုင်တော့ တစ်ပိုင်းပေါ့နော်။ ဘာသာရေးနဲ့ လူမျိုးရေးကတော့ အဓိပ္ပာယ် မရှိဘူးဗျ'' ဟု နိုင်ငံတော် သမ္မတရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ ပြန် ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံသို့ အီးမေးလ်ပို့ မေးမြန်းခဲ့ရာ စက်တင်ဘာ ၉ ရက် ည ၇ နာရီထိ အကြောင်းပြန်ခဲ့ခြင်း မရှိပေ။
နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဆင့်မှ အနားယူခဲ့ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကျန်းမာရေးနှင့် အသက်အရွယ်အရ သမ္မတသက်တမ်း ဒုတိယအကြိမ် ထမ်းဆောင်ရန် အစီအစဉ် မရှိကြောင်း ပြောဆိုထားသော်လည်း တိုင်းပြည်၏ အခြေအနေ၊ ပြည်သူလူထု၏ ဆန္ဒအပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment