Tuesday, September 10, 2013

ရခိုင်တိုင်းရင်းသားများ စုပေါင်းကျင်းပသည့် ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် Created on Tuesday, 10 September 2013 01:41


ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား အသင်းအဖွဲ့များ စုပေါင်း၍ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စက်တင်ဘာ ၉ ရက် မွန်းလွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရဟန်းသံဃာတော် ၁၀၀၀ ၀န်းကျင် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် တိုင်းရင်းသားပြည်သူ စုစုပေါင်း ၅၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်က နယ်ချဲ့ကို တော်လှန်ရန် လှုံ့ဆော်ရေး တရားများ ဟောကြားခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ (၇၄) နှစ်မြောက်အောက်မေ့ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဆရာတော်အား တိုင်းရင်းသား လူမျိုးများက ပန်းခြင်းကပ်လှူ ပူဇော်ခြင်း အစီအစဉ်ပါဝင်ရာ တိုင်းရင်းသားများက ပန်းခြင်းကပ်လှူ ပူဇော်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဗမာတိုင်းရင်းသားများ ကိုယ်စားပြု ပန်းခြင်း ကပ်လှူပူဇော်ခြင်း ပြုလုပ်ခဲ့သည်။

ထို့ပြင် ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ယခင်နိုင်ငံတော်မှ သတ်မှတ်ထားပြီးသည့် အတိုင်း ယခုအခါ အဆိုပါပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အခမ်းအနား တက်ရောက်လာသူများက တစ်ခဲနက် တောင်းဆိုခဲ့ကြပြီး အဆိုပါ တောင်းဆိုချက်ကို နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့နှင့် လွှတ်တော်နှစ်ရပ်သို့ တင်ပြတောင်းဆို သွားရန် အခမ်းအနားမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

''တော်လှန်ရေးကောင်စီ လက်ထက်ကစပြီး သံဃာတော် အရှင်သူမြတ်တွေကို နိုင်ငံရေးလုပ်တာ အားမပေးချင်တဲ့ ရည်ရွယ်ချက် ရှိတာကြောင့် ဒီလိုအခမ်းအနားမျိုးကို ကျင်းပခွင့် မပြုခဲ့ဘူး။ ခေတ်အဆက်ဆက်က ဒီလို အခမ်းအနားမျိုး ကျင်းပခွင့် မရရှိခဲ့ဘူး။ ဒါပေမဲ့ အခု ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေပြီ။ ပြုပြင်စရာ ရှိတာကို ပြုပြင်တယ်။

ပြောင်းလဲစရာ ရှိတာကို ပြောင်းလဲနေတယ်။ မြန်မာနိုင်ငံ သာမက အာရှရဲ့ လွတ်လပ်ရေး ကျေးဇူးရှင်ကြီး ဆရာတော် ဦးဥတ္တမနေ့ကို အခုလို ကျင်းပခွင့်ရတာဟာ ဒီမိုကရေစီကို သွားနေတယ် ဆိုတာကို ပြလိုက်တဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် ဆရာတော်၏ သမိုင်းမှတ်တမ်းများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများ၊ ဆရာတော် အသက်ရှိစဉ် ကာလအတွင်း လုပ်ဆောင်ချက်များနှင့် မှတ်တမ်းများကို ပြခန်းအနေဖြင့် ခင်းကျင်းပြသခဲ့သည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခု ဒီဇင် ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်သည် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ရန် လှုံ့ဆော်တရားများ ဟောကြား ခဲ့သောကြောင့် ထောင်သုံးကြိမ် ကျခံခဲ့ရကြောင်း သိရသည်။

(၇၄) နှစ်မြောက် ဦးဥတ္တမနေ့ ဂုဏ်ပြုအခမ်းအနားအား မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် စက်တင်ဘာ ၉ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

Eleven Media Group

No comments:

Post a Comment