Thursday, December 19, 2013

ပေါင်းတည်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြအချုပ်သားများ မိသားစုနှင့် တွေ့ခွင့်မရဟုဆို ရွှေရည်ဝင်းထက်|ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၃ ခုနှစ်

ပေါင်းတည်ထောင်တွင်း ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ အစာငတ်ခံဆန္ဒပြနေသည့် အချုပ်သားသုံးဦးနှင့် သက်ဆိုင်ရာ မိသားစုဝင်များကို ထောင်အာဏာပိုင်များက တွေ့ဆုံခွင့်မပေးသေးဟု အချုပ်ကျနေသူ တစ်ဦးဖြစ်သည့် ဒေါ်မြင့်မြင့်အေး၏ တူမဖြစ်သူ မဟန်ဆုရင်က ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြော သည်။

“မနေ့တုန်းက ဒေါ်မြင့်မြင့်အေးရဲ့အစ်မ ထောင်ဝင်စာသွားတွေ့တယ်။ ဒါပေမဲ့ အတွေ့မခံဘူး။ သူတို့ ပြောတာတော့ ထောင်ထဲမှာ ဆရာဝန်တွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ် လို့ပြောတယ်။ အစာမစားတာ လေးငါးရက်လောက်ရှိပြီဆိုတော့ အားနည်းနေတယ်လို့တော့ ပြောတယ်။ သူတို့အားလုံး ရောဂါအခံရှိကြတယ်”ဟု မဟန်ဆုရင်က ဆိုသည်။

မိတ်္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ်္တိ လူမှုကူညီရေးအဖွဲ့မှ ဒေါ်မိမိခိုင် တို့သည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၆ နှင့် နတ်တလင်း ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ဦးသန့်ဇင်ထက်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တ ရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ထိုသူတို့သည် အာမခံမပေးဘဲ တရားစွဲဆိုထားသည်မှာ ခြောက်လကျော်ပြီဖြစ်သော်လည်း အမိန့်ချမှတ် မှုကြန့်ကြာနေသဖြင့် အစာငတ်ခံ ဆန္ဒပြရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု မခင်ဆုဟန်က ပြောသည်။

“အိမ်က ထောင်ဝင်စာသွားတွေ့တော့ ဒု-ထောင်မှုးနဲ့တွေ့တယ်။ မိသားစုတွေနဲ့ တွေ့လို့မရဘူး။ ထောင် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တွေ့ခွင့်မပေးဘူးလို့ ပြောတယ်။ ထောင်စည်းကမ်းဖောက်ဖျက်တယ် ဆိုတာ ဘာကိုပြောတာလဲ။ အစာငတ်ခံဆန္ဒပြတာက ထောင်စည်းကမ်းကို ဖောက်ဖျက်တာလားလို့ မေး တော့ မဖြေဘူး”ဟု နတ်တလင်းမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရန်းက ပြောသည်။

ယင်းတို့သုံးဦးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း သိမ်းယူထားသည့် လယ် ယာမြေ ဧက ၁၄၀ ခန့်ပေါ်တွင် ထွန်တုံးတိုက်ပွဲဆင်နွဲသည့် တောင်သူများကို အားပေးကူညီခဲ့သဖြင့် ဇွန် လ ၁၁ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါသုံးဦး၏ အမှုနှင့်စပ်လျဉ်း၍ တရားရုံးများက ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေခြင်းကြောင့် လူ့အ ခွင့်အရေး ဆုံးရှုံးနေရသည်ဟုဆိုကာ အမြန်ဆုံး ဖြေရှင်းပေးရန် ပဲခူးတိုင်းရှိ နတ္တလင်း၊ သဲကုန်း၊ ဇီးကုန်း မြို့မှ တောင်သူ ၃၇ ဦးက ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထား သည်။

Mizzima - News in Burmese'

No comments:

Post a Comment