Thursday, December 26, 2013

အသေးစားချေးငွေ မရရှိသေးသည့် ကျေးရွာများအား ၂၀၁၄ ခုနှစ်တွင် ကျပ်ဘီလျံ ၅၀ ထုတ်ချေးမည် Thursday, December 26, 2013

အသေးစားချေးငွေ မရရှိသေးသော တစ်နိုင်ငံလုံးအတွင်းရှိ ကျေးရွာနှင့် မြို့ပြနေ အခြေခံလူထုအား လာမည့် ၂၀၁၄ ခုနှစ်တွင် ကျပ်ဘီလျံ ၅၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပ်ဘီလျံ ၅၀ အား လာမည့် ၂၀၁၄ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လတို့တွင် အသေးစားချေး ငွေမရရှိသေးသည့် ကျေးလက်နှင့် မြို့ပြနေ ပြည်သူလူထုအား လုပ်ငန်းအသုံး စရိတ်အဖြစ် ထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းအသုံးစရိတ်အဖြစ် ချေးငွေရရှိထားသည့် ပြည်သူလူထုအတွက် ထပ်မံ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချေးငွေပမာဏကို တိုးမြှင့်ပြီး ထုတ်ချေးသွားရန် စီစဉ်နေကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုအရ ယခုထုတ်ချေးသည့် ချေးငွေများကို အတိုးနှုန်းလျှော့ချကာ တစ်ကျပ်ခွဲနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယခင်ချေးငွေများကိုလည်း ယခင်အတိုးနှုန်းဖြစ်သည့် နှစ်ကျပ်ခွဲနှုန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတိုးနှုန်းများကိုလည်း လျှော့ချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်” ဟု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပ အကူအညီများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေးအခမ်းအနားတွင် ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိသည့်အနက် ၄၀၀၀၀ ကျော်မှာ လျှပ်စစ်မီး မရရှိသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment