Friday, May 31, 2013

"ရှေးဟောင်း အမွေအနှစ် တာဝန်သိစိတ်ဖြင့် အပ်နှံသူကို ထိုက်တန်စွာ ဆုချီးမြှင့်မည်"


ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို တာဝန်သိစွာ လာရောက် အပ်နှံပါက ထိုက်ထိုက် တန်တန် ဆုချီးမြှင့်မည်ဟု ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက ကြေညာလိုက်သည်။
ရှေးဟောင်း ပစ္စည်းများ၏ မူလ တန်ဖိုးပေါ်တွင် ခေတ်ကာလ တန်ဖိုးနှင့် သမိုင်းလက်ရာ ရှေးကျမှု တန်ဖိုးကို ထပ်ဆောင်းလျက် ချီးမြှင့်မည်ဖြစ်ရာ တာဝန် သိစွာဖြင့် လာရောက် အပ်နှံကြဖို့လည်း ထည့်သွင်း တိုက်တွန်း ထားသည်။

မေ ၂၂ ရက်နေ့က တာဝန်သိစွာဖြင့် ကုန်းဘောင်ခေတ် လက်ရာ ရွှေဆံစွပ် ၁ ခုကို လာရောက် အပ်နှံခဲ့သူ ရွှေတောင်မြို့နယ်သား ၃ ဦးကို လည်း ငွေကျပ် ၂၆ သိန်းကျော်နှင့် ဂုဏ်ပြု လက်မှတ်ပေးအပ် ခဲ့သည်ဟု အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ဆိုသည်။
ရွှေတောင် မြို့နယ် ရှားပင်ကုန်း ကျေးရွာ အနီး ဧရာဝတီ မြစ်ဆိပ်တွင် မြစ်ထဲမှ ကျောက်စရစ်များ စုပ်ယူစဉ် ရရှိခဲ့သော ရွှေဆံစွပ် ၁ ခုကို ဦးလှိုင်ဇော်ဦး၊ ဦးသိုက်ထွန်းနှင့် ဦးအောင်ဝေဖြိုး တို့က လာရောက် အပ်နှံခဲ့ သဖြင့် ထိုသို့ ချီးမြှင့်ရခြင်း ဖြစ်သည်။

”ရှေးဟောင်း အမွေ အနှစ်တွေကို အကြောင်း အမျိုးမျိုးကြောင့် တွေ့ ရှိရင် တာဝန်သိစွာနဲ့ အပ်နှံဖို့ ပညာပေးနေပါတယ်။ ယဉ်ကျေးမှု ပစ္စည်း တွေကို ဖျက်ဆီးခြင်း၊ တရားမဝင် ရောင်းချခြင်းတွေ ကိုလည်း တည်ဆဲ ဥပဒေ များအရ ကာကွယ်ထိန်းသိမ်းနေပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် က ဆက်ပြောသည်။

ရှေးဟောင်း ပစ္စည်းများကို ဌာနသို့ လာရောက် အပ်နှံပါက ဦးစီးဌာန ရှိ ရှေးဟောင်း ပစ္စည်းအကဲဖြတ် အဖွဲ့က စစ်ဆေးပြီး တန်ဖိုး တွက်ချက်မှု ပြုလုပ်ပေးနေကြောင်း ၄င်းထံမှ သိရသည်။

မင်းသုအောင်

No comments:

Post a Comment