Friday, May 31, 2013

သရုပ်ဆောင်လွင်မိုး ကြွေရည်သုတ်ပစ္စည်း တင်ပို့ ရန်ကုန်၊ မေ၂၉

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လူသုံးများနေသေးသည့် ကြွေရည်သုတ် သံထည်ပစ္စည်းများကို ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဝမင်းကုမ္ပဏီပိုင် ကြွေရည်သုတ်ပစ္စည်း စက်ရုံမှ ထိုင်းဈေးကွက်သို့ တင်ပို့လျက် ရှိကြောင်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက The Voice သို့ ပြောကြားသည်။

၎င်းတို့ ကုမ္ပဏီက ထုတ်လုပ်သည့် ကြွေရည်သုတ် လေးဆင့်ချိုင့်နှင့် ကြွေရည်သုတ် လင်ပန်းများကို Thai Stainless Steel ကုမ္ပဏီနှင့် ပူးပေါင်းကာတစ်လလျှင် ကွန်တိန်နာ နှစ်လုံးနှုန်းဖြင့် လစဉ် တင်ပို့သွားမည်ဖြစ်ကြောင်း ဝမင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်နောင်မြင့်ဝေက ပြောကြားသည်။
"ဘန်ကောက်မှာတော့ လူသုံးမများ ပေမယ့် ထိုင်းကျေးလက်ဈေးကွက်က တော် တော် အဝယ်လိုက်ပါတယ်။ နှစ်လလောက် အစမ်းပို့ကြည့်ပြီးမှ လစဉ်ပို့ဖို့ ထိုင်းကုမ္ပဏီနဲ့ စာချုပ်တာပါ" ဟု ဦးခွန်နောင်က ရှင်းပြသည်။

စတီးပစ္စည်းများ သုံးစွဲခြင်းထက် ကျန်းမာရေးအရ ပိုမိုသင့်လျော်ပြီး အရောင် အသွေးမျိုးစုံ ရရှိနိုင်ခြင်းကြောင့် ထိုင်းနိုင်ငံ သားများသည် ကြွေရည်သုတ် ပစ္စည်းကို ပိုမိုအသုံးပြုကြကြောင်း ၄င်းကဆိုသည်။

ကြွေရည်သုတ် လေးဆင့်ချိုင့်အလုံး ရေ ၁၆,၀၀၀နှင့် ကြွေရည်သုတ်လင်ပန်း ချပ်ရေ ၁၀,၀၀၀ကို မေလ၃၀ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံသို့ လစဉ်တင်ပို့သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်အမယ်သစ် တစ်ခုဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၏ အားပေးကူညီမှု အပြည့်အဝ ရရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ခုလေးဆင့်ချိုင့်၊ ငါးဆင့်ချိုင့်နဲ့ လင်ပန်းထုတ်ပါတယ်။ အမည်ဆယ်မျိုးလောက် တိုးထုတ်သွားဖို့ ရှိပါတယ်။ ထိုင်းဈေးကွက်ပြီးရင် ဂျပန်ကိုလည်း ပို့နိုင်ဖို့ စီစဉ်နေပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြောကြားသည်။

ဝမင်း ကြွေရည်သုတ်ပစ္စည်း စက်ရုံမှာ ကြွေရည်သုတ်ပစ္စည်းများကို ဒေါင်းဒင်္ဂါး အမှတ်တံဆိပ်ဖြင့် ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးလျက်ရှိပြီး ဒေါင်းဒင်္ဂါးကြွေရည်သုတ် သပိတ်မှာ ရောင်းအားအကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးခွန်နောင်က ပြောကြားသည်။

သမိုင်းလမ်းဆုံရှိ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံကို ဝမင်းကုမ္ပဏီက နှစ်ရှည်ငှားရမ်း လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ရက်လျှင် ချိုင့်အလုံးရေ ၁၅၀၀မှ ၂၀၀၀အထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ All Star တံဆိပ်ဖြင့် တင်ပို့သည့် အဆိုပါပစ္စည်းများမှာ ၃ ဒသမ ၅ဒေါ်လာမှ ၄ဒေါ်လာအထိ တန်ကြေးရှိပြီး ပြည်တွင်းဈေးကွက်တွင် ကျပ်သုံးထောင် ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း ဝမင်းကုမ္ပဏီ ထံမှသိရသည်။

လွင်မိုးနှင့် ခေတ်ပြိုင်သရုပ်ဆောင် အများစုမှာ ရုပ်ရှင်သရုပ်ဆောင်လောက၊ လူမှုရေးနယ်ပယ် များတွင် ဝင်ရောက် လုပ်ကိုင်နေပြီး လွင်မိုးမှာ စီးပွားရေးနယ်ပယ်သို့ အဓိကအားပြု ဝင်ရောက်ခဲ့သည်။
လွင်မိုး၏ ဝမင်းကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကနဦးလမ်းအူကြောင်း ရှင်းလင်းခြင်းလုပ်ငန်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သတ္တုတူးဖော်ရန် စမ်းသပ်လုပ်ငန်း များ လုပ်ဆောင်လျက်ရှိသည်။

No comments:

Post a Comment