Tuesday, May 28, 2013

ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို အမည်မသိ လူဆယ်ချီ ၀င်ရောက်ရိုက်နက် ထားဝယ်၊ မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြို့တော် ထားဝယ်၏ တဖက်ကမ်း ထားဝယ်တက္ကသိုလ်အနီးရှိ သောကြာပြင်ကျေးရွာလမ်းဆုံတွင် မေလ ၁၇ ရက်နေ့ ညပိုင်းက အမည်မသိ လူငယ် အုပ်စုတစ်ခု ၀င်ရောက်ရိုက်နက်မှုကြောင့် ဆိုင်ခန်းများပျက်စီးပြီး လူအချို့ ဒါဏ်ရရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့ရသူများ ထံမှသိရသည်။

မောင်းမကန်ကမ်းခြေသို့ သွားရာလမ်းပေါ်ရှိ သောကြာပြင်လမ်းဆုံသည် ထားဝယ်တက္ကသိုလ်အနီးတည်ရှိပြီး ကျောင်းသား ကျောင်းသူများ အများဆုံး စုဆုံလေ့ရှိသော နေရာဖြစ်သည်။

ယင်းနေ့ ည ၁၁ ခန့်တွင် ဆိုင်ကယ်များဖြင့် လူငယ်လေးဆယ်ခန့် ရောက်ရှိလာပြီး ကျေးရွာပန်းခြံအတွင်း ထိုင်နေသည့် လူငယ်ငါဦးကို ၀င်ရောက်ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ အ၀ိုင်းခံရသည့် လူငယ် ငါးဦးတွင် လေးဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပန်းခြံအတွင်း ကျန်ခဲ့သူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းဒေသခံများက ရှင်းပြသည်။

ထို့နောက် ကျေးရွားလမ်းမပေါ်တွင် သွားလာနေသူများ၊ ဆိုင်ခန်းများကိုလည်း ၀င်ရောက် ရိုက်နှက်ဖျက်ဆီးခဲ့ပြီး ဆိုင်အတွင်း စားသောက်နေသူတစ်ဦးလည်း အရိုက်ခံရကြောင်း ၎င်းတို့က ပြောသည်။

“သူတို့ကိုတစ်ခါမှလည်းမမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ရုတ်တရက်ဝင်လာပြီးရိုက်တာပါ" ဟု ဒဏ်ရာရရှိသူ အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးက ပြောဆိုသည်။

ယင်းကျေးရွာလမ်းဆုံရှိ ဆိုင်အချို့မှာ မိုးအလင်းဖွင့်လေ့ရှိသည်။

လူဦးရေ ၄၀ ခန့်ရှိသည့် အဆိုပါ လူငယ်အဖွဲ့သည့် ဆိုင်ကယ်စက်သင့်နှိုးထားပြီး ဆိုင်ကယ်နောက်တွင် ထိုင်လိုက်လာသူများက ဆင်းပြေးလာပြီး ရိုက်ခြင်းဖြစ်ကြောင်း ယင်းလူငယ်က ရှင်းပြသည်။

ရိုက်နှက်ခံရသူများကို ဆေးစစ်ချက်ယူထားပြီး ဆေးရုံတက် ကုသခံယူနေရသူမရှိပေ။

သောကြာပြင်ကျေးရွာသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် သုံးမိုင်အကွာတွင် တည်ရှိပြီး မောင်းမကန်ကမ်းခြေနှင့် ထားဝယ်စီမံကိန်းသို့သွားရောက်သည့် လမ်းမကြီးအပေါ်တွင်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်းမကန် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဟု မောင်းမကန် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှုးက ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင်လည်း ယင်းကဲ့သို့ ဆိုးသွမ်းလူငယ်အဖွဲ့များရှိပြီး ယင်းကဲ့သို့ လုပ်ရပ်များကို ရှောင်တခင် လုပ်ကိုင်လေ့ရှိပြီး မြိတ်မြို့တွင် ဒိန်းဂျား ဟုလည်းကောင်း၊ ကော့သောင်းတွင် ၀ိုင်လူး ဟုလည်းကောင်း ဒေသခံများက အသီးသီးမှည့်ခေါ်ကြသည်။

သို့သော် ထားဝယ်မြို့အနီးဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် ထိုသို့သော ဆိုးသွမ်းလူငယ်အုပ်စုများက ရိုက်နက်ခြင်း ဟုတ်မဟုတ် မသိရသေးပေ။

Credit To:|Dawei Watch|

ZinYawNews
https://www.facebook.com/ZinYawNews

No comments:

Post a Comment