ဒေါ်လာဈေး
ဆွဲတင်မှု အကျိုးဆက်ကို အများပြည်သူ အနေဖြင့် စတင်ခံစားရပြီဖြစ်ပြီး
လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့်
ကုန်စည်ဈေးနှုန်းများမှာ ဈေးစတင်တက်နေပြီ ဖြစ်ကြောင်း ကုန်စည်ဈေးကွက်
အတွင်းမှ သတင်းရရှိသည်။
မတ်လ အတွင်းက ဗဟိုဘဏ်မှ ဒေါ်လာဈေးအား
တစ်ဒေါ်လာ ၈၆၀ ၀န်းကျင် သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၈၆၃
ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုမေ ၂၁ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ
တစ်ဒေါ်လာ ၉၄၀ ကျပ်အထိ ထိုးတက်ခဲ့ပြီး ပြင်ပဈေးမှာ တစ်ဒေါ်လာ ၉၄၅ ကျပ်အထိ
မြင့်တက်ခဲ့ရသည်။ "ဒီဇယ်သွင်းတဲ့ဈေးက ရန်ကုန်အရောက် CIF ဈေး တစ်ဂါလန်ကို ၃
ဒသမ ၈ ဒေါ်လာ ရှိတယ်။ အရင်တစ်ဒေါ်လာ ၈၆၀ တုန်းကနဲ့ တစ်ဂါလန်ကို ၃၂၆၈ ကျပ်
အခု ၉၄၅ ကျပ်နဲ့ဆို တစ်ဂါ ၃၅၉၁ ကျပ်ဆိုတော့ ၃၂၃ ကျပ် ဈေးတက်သွားတယ်။ ဒါက
ကုန်သွယ်လုပ်ငန်းခွန်နဲ့ Customs Duty မပါပဲ ရန်ကုန်အရောက်သွင်းတဲ့
ဈေးပေါ်မှာ တက်တာ" ဟု စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက
ပြောပြခဲ့သည်။
အများပြည်သူ မဖြစ်မနေ သုံးစွဲရသည့် အိမ်သုံးဆေးဝါး
ဆေးပစ္စည်းများ အားလုံးမှာလည်း ယခုလပိုင်းအတွင်း ၅ ရာခိုင်နှုန်းမှ ၁၀
ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားကြောင်း ဆေးဝါးတင်သွင်းသူ လုပ်ငန်းရှင်မှ
အတည်ပြု ပြောကြားထားသည်။
ဆေးတင်သွင်းသူ လုပ်ငန်းရှင် တစ်ဦးက "၅
ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ဈေးတက်သွားတယ်။ ဒေါ်လာဈေးက
ဒီအမြင့်ဈေးအတိုင်း သွားမယ်ဆိုရင်တော့ မိုးတွင်းဘက်မှာ ပိုတက်မယ်။
ဈေးကွက်အရကလည်း မိုးတွင်းဆို အကိုက်အခဲ၊ နှာစေး၊ အဖျားဖြတ်ဆေးတွေက
ဈေးတက်လေ့ ရှိတယ်။ အခု ဈေးတက်တာနဲ့ ရာသီအရ ဈေးတက်တာ နှစ်ခုပေါင်းရင်တော့
၁၀ ရာခိုင်နှုန်းမက ဈေးတက်မှာပါ" ဟု ပြောပြခဲ့သည်။
စားအုန်းဆီ
ဈေးမှာလည်း တစ်ပိဿာ ၁၀၀ ကျပ် ချက်ခြင်းခုန်တက်လာပြီး အခြားသော အများပြည်သူ
မရှိမဖြစ် သုံးရမည့် ပြည်ပသွင်းကုန်များ အားလုံးမှာလည်း ဒေါ်လာဈေး
မြင့်တက်သည့် နှုန်းအတိုင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထက် မြင့်တက်မည်
ဖြစ်သည်။
စက်သုံးဆီဈေး မြင့်တက်သည့်အတွက် စက်မှုဇုန်
စက်ရုံများအားလုံး ကုန်ထုတ်လုပ်မှုစရိတ် ထပ်မံမြင့်တက်လာမည် ဖြစ်သည့်အပြင်
သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုအပေါ်လိုက်၍ အခြေခံ စားသောက်ကုန်စည်များပါ
ဈေးမြင့်တက်လာမည် ဖြစ်သည်။ ဒေါ်လာဈေး ဆွဲတင်မှုကြောင့် နယ်စပ်မှတစ်ဆင့်
ကုန်သွယ်ရာတွင် ယွမ်ဈေးဆိုပါက ယခင် တစ်ယွမ် ၁၄၀ ကျပ်မှ ယခု တစ်ယွမ် ၁၅၃
ကျပ်အထိ ခုန်တက်လာပြီး ယခင် တစ်ဘတ် ၂၈ ကျပ်ကျော်ရှိရာမှ ယခု တစ်ဘတ်လျှင် ၃၂
ကျပ်အထိ မြင့်တက်လာသည်။
မြင့်တက်လာသည့် နှုန်းများအား ကြည့်လျှင်
လပိုင်းအတွင်း၌ပင် ၁၀ ရာခိုင်နှုန်း မြင့်တက်သွားသည့်အတွက် တင်သွင်းလာသည့်
ကုန်စည်များလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာသည်ဟု သိရသည်။
ယင်းမှာ ဒေါ်လာဈေး ဆွဲတင်မှု၏ အကျိုးဆက်အား အများပြည်သူ
စတင်ခံစားရခြင်းဖြစ်ပြီး နိုင်ငံအတွက် လိုအပ်၍ တင်သင့်တင်ထိုက်သည့်
ဈေးနှုန်းအား ဆွဲတင်သည် ဆိုသော်လည်း ရုတ်တရတ် လပိုင်း၊ ရက်ပိုင်းအတွင်း
ဆွဲတင်ခြင်းထက် ဈေးကွက်လိုအပ်ချက်အရ ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း
တည်ငြိမ်စွာ မြှင့်တင်ခြင်းမှာ ပို၍ နည်းလမ်းကျမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများနှင့် အခြေခံ ကုန်ထုတ်လုပ်သူများ အကျိုးရှိရန်အတွက်
ဈေးဆွဲတင်လိုက်ရာ၌ လတ်တလောတွင် စပါးဈေး အနည်းငယ် မြင့်တက်လာခဲ့သည်။
သို့သော် တောင်သူများ လက်ဝယ် စပါးမရှိသည့်အတွက် လက်တွေ့အကျိုး
မခံစားရကြောင်း တောင်သူများက ဆိုသည်။
စပါးဈေးမှာ အကြမ်းဆိုပါက
ယခင်တင်းတစ်ရာ ကျပ်သုံးသိန်းဝန်းကျင်မှ ယခု တင်းတစ်ရာ ကျပ် ၃၈၀၀၀၀
ဝန်းကျင်သို့ တက်လာခဲ့ခြင်းဖြစ်ရာ အမှန်တစ်ကယ် အကျိုးဖြစ်ထွန်း စေလိုပါက
လာမည့် ကောက်သစ်ရာသီ ပေါ်သည်အထိ အဆိုပါဈေးနှုန်းအား ထိန်းသိမ်းပေးသင့်သည်ဟု
တောင်သူများက ပြောကြားခဲ့သည်။
ပဲဈေးဆိုပါကလည်း မတ်ပဲမှာလည်း
ပြည်တွင်းဈေး အနည်းငယ်တက်ပြီး ပြည်ပဈေး အနည်းငယ် ပြန်ကျသည့်အတွက်
ထူးမခြားနား အခြေအနေတွင် ရှိပြီး ပဲတီစိမ်းဈေးမှာမူ မေလဆန်းပိုင်းကထက်
ပြည်တွင်းပြည်ပ ဈေးနှစ်မျိုးစလုံး ကျဆင်းနေသည်ဟု သိရသည်။
တက်သင့်တက်ထိုက်သည့် နှုန်းအထိ ဒေါ်လာဈေးတက်ရန် လုပ်ငန်းရှင် အများစုမှ
လိုလားပြီး ယခုကဲ့သို့ ရုတ်တရက် ထိုးတင်သည့် နည်းလမ်းအပေါ်၌မူ
ဝေဖန်လျက်ရှိသည်။
Credit & Copy From > Eleven Media Group
No comments:
Post a Comment