Monday, June 24, 2013

ဘော်ဒီတစ်ခုလုံး အရောင်ပြောင်းသည့် စတစ်ကာ ကပ်ထားသော ကားများ ပိုများလာခြင်းကြောင့် အများပြည်သူ အန္တရာယ် ပိုရှိလာဟု ယာဉ်ပိုင်ရှင်များ ပြောကြား 24.6.2013

ကားဘော်ဒီ တစ်ခုလုံးအား အရောင်ပြောင်းသည့် စတစ်ကာကပ်ထားသော ကားများ ပိုမိုများပြားလာခြင်းကြောင့် အန္တရာယ်ပိုရှိလာကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။
ယခုအခါတွင် ကားဘော်ဒီ တစ်ခုလုံးအား အရောင်မှိုင်းသည့် စတစ်ကာများကို ဘော်ဒီတစ်ခုလုံးအားကပ်ကာ ကားအလှဆင်မှု ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ယခင်အရောင်မှ ယခုအခါ အခြားအရောင်အဖြစ် တစ်စီးလုံးအားပြောင်းကာ အရောင်မှိုင်း စတစ်ကာများကပ်ကာ အလှဆင်ခြင်း၊ ပြောက်ကျားအရောင် စတစ်ကာများအားကပ်ကာ အသုံးပြုခြင်းများ ပိုမိုများပြားလာကြောင်း သိရသည်။
မူလအရောင်မှ ထိုသို့အခြားအရောင်အဖြစ် ပြောင်းလဲအသုံးပြုမှု များပြားလာခြင်းသည် မသမာမှုများ ပြုလုပ်ရာ၌ ပိုမိုလွယ်ကူစေရန် ဖန်တီးပေးထားသည့် အခြေအနေ တစ်ခုကဲ့သို့ ဖြစ်လာကြောင်း သိရသည်။

"ဆလွန်းကားတွေ တစ်စီးလုံးကပ်ရင် ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းကျော်လောက်ပဲ ကုန်တယ်။ လက်ရှိမှာ Alphard လို ကားတောင်မှ တစ်စီးလုံးကို အရောင်မှိုင်းတဲ့ စတစ်ကာတွေ ကပ်လာတာ တွေ့ရတယ်။ တချို့က တစ်ဝက်တစ်ပျက် စတစ်ကာ ကပ်တယ်။ ကားအလှဆင်တယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ ဥပမာ ညဘက်မှာ အက်စီးဒင့် တစ်ခုခုဖြစ်တဲ့အခါ မောင်းပြေးသွားမယ်၊ ကားပဲမှတ်မိတယ် နံပါတ်ကို မမှတ်မိဘူးဆိုရင် သွားပြီ။ ကားအမျိုးအစားနဲ့ အရောင်မှတ်မိတယ်ထားဦး ချက်ချင်း စတစ်ကာ ပြန်ခွာလိုက်ရင် အရောင်က ပြောင်းသွားမယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောကြားသည်။

ယင်းနောက် ၎င်းကပင် "အခုက အရင်တုန်းက တခြားအရောင်ကို ကိုယ့်စိတ်ကြိုက် အရောင်အတိုင်း တစ်စီးလုံး ပြောင်းပစ်တာ။ လိုင်စင်ဝင်တော့မှ ခွာပြီးတစ်ခါဝင်တဲ့ ပုံစံလုပ်တာ။ အက်စီးဒင့်က မတော်တဆဖြစ်လို့ တစ်ပိုင်းထားဦး တခြားမသမာမှု တစ်ခုခု လုပ်ချင်တဲ့ သူတွေက ဒီလိုစတစ်ကာတွေကို သူများအလှဆင်သလို လိုက်ကပ်ပြီးတော့လည်း လုပ်လာနိုင်တာပဲ။ ဒါ့ကြောင့် အများပြည်သူအတွက် အန္တရာယ် ပိုရှိလာနိုင်တယ်လို့ ပြောရတာ" ဟု ဆက်လက်ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment