၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်ဖြစ်သော ဧပြီနှင့် မေလအတွင်း ကော့သောင်း Check Point သို့
ထိုင်းနိုင်ငံသားများ ၀င်ရောက်လည်ပတ်ခြင်းသည် အခြားနိုင်ငံသားများ
ဝင်ရောက်လည်ပတ်ခြင်းထက် နှစ်ဆကျော် များသော်လည်း ၀င်ငွေရရှိသည့် ပမာဏနှင့် နှိုင်းယှဉ်၍ လူဦးရေ အချိုးချပါက သိသာစွာကွာခြားခြင်း မရှိကြောင်း သိရသည်။
နှစ်လအတွင်း ထိုင်းနိုင်ငံသား ၃၀၀၉၆ ဦး ၀င်ရောက်လည်ပတ်ခဲ့ရာ ထိုင်းဘတ်ငွေ ၂၉၆၈၉၄၀ ရရှိခဲ့ပြီး အခြားနိုင်ငံခြား ခရီးသွား ၈၃၁၉ ဦး ၀င်ရောက်လည်ပတ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၈၃၁၉၀ ရရှိသဖြင့် ၁၃၇၇၄ ဒေါ်လာကျော်သာ ကွာခြားတော့ကြောင်းကို လ.၀.က ၏ စာရင်းများအရ သိရသည်။
ထိုင်းနိုင်ငံသားများ လည်ပတ်ရာတွင် ၎င်းတို့ဝင်ရောက် လည်ပတ်သော Check Point ပေါ် မူတည်၍ ကောက်ခံငွေပြောင်းလဲသော်လည်း အခြားနိုင်ငံခြားသား ခရီးသွားများအား ကောက်ခံရာတွင် ပြောင်းလဲခြင်း မရှိကြောင်းကို လ.၀.က ဦးစီးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားရာမှာ "ထိုင်းနိုင်ငံသားတွေက သူဌေးကျွန်း၊ ရတနာကျွန်း Check Point တွေက ၀င်တာများတယ်။ အဲဒီကနေ၀င်ရင် ထိုင်းဘတ်ငွေ ၁၀၀ ကောက်ခံတယ်။ မြို့မတံတားက၀င်ရင် ဘတ် ၃၀ ပဲ ကောက်ခံတယ်။ ဒီကနေ ၀င်တာနည်းတယ်။ တတိယ နိုင်ငံသားတွေကိုတော့ ဘယ်နေရာကပဲ ၀င်ဝင် ၁၀ ဒေါ်လာစီ ကောက်ခံပါတယ်" ဟု ပြောကြားသည်။
နှစ်လအတွင်း သူဌေးကျွန်း၊ ရတနာကျွန်း Check Point တို့မှ ၀င်ရောက်လည်ပတ်ခဲ့သော ထိုင်းခရီးသွား ဦးရေမှာ ၂၈၆၅၈ ဦး ရှိပြီး မြို့မတံတားမှ ၀င်ရောက်ခဲ့သော ဦးရေမှာ ၁၄၃၈ ဦးသာရှိကြောင်း၊ တတိယ နိုင်ငံသားများ မြို့မတံတားမှ ၀င်ရောက်ခဲ့သော ဦးရေမှာ ၅၀၃၉ ဦးရှိပြီး သူဌေးကျွန်း၊ ရတနာကျွန်း Check Point တို့မှ ၀င်ရောက်လည်ပတ်ခဲ့သော ဦးရေမှာ ၃၂၈၀ ရှိသည်ဟု ဆက်လက်ပြောကြားသည်။
နိုင်ငံခြားသား ခရီးသွားများအား ကော့သောင်းဆိပ်ကမ်းတွင် တွေ့ရစဉ်
EMG

No comments:
Post a Comment