Monday, June 24, 2013

ဇီးကုန်းတွင် သောက်ရေကန်တူးရင်း ထူးဆန်းပစ္စည်း ရှာပုံတော်ဖွင့် ဇော်မင်းထိုက်


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ သိမ်ကြီးရိုးလမ်းရှိ ခြံတစ်ခြံတွင် ထူးဆန်းသည့် ပစ္စည်းများ တွေ့ရှိနိုင်လောက်သည့် မျှော်လင့်ချက်ဖြင့် မြေတူးဖော်လျက်ရှိကြောင်း ရေကန်တူးဖော်လှူဒါန်းသော စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းသိန်းက ပြောသည်။

အဆိုပါ နေရာမှာ ယခင်က ချောင်းဖြစ်ဟန်ရှိပြီး ကောနေခြင်းဖြစ်နိုင်ကြောင်း၊ ထိုရပ်ကွက်တွင် ရေရှားပါးသဖြင့် ရေကန်တူး လှူဒါန်းခြင်းဖြစ်ကြောင်း၊ မြေတူးဖော်ရင်း ကျွန်းတုံးကြီးနှင့် အုတ်အစအနများ တွေ့ရှိ၍ ဇွန် ၄ ရက်တွင် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ဇွန် ၅ ရက်နှင့် ၁၅ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုကြောင်း ၎င်းက ပြောဆိုသည်။

ဘူမိဗေဒပညာရှင်၏ ခန့်မှန်းချက်မှာ ထူးဆန်းသော ပစ္စည်းများရှိနိုင်ကြောင်း၊ သံထည်ပစ္စည်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းမဟုတ်ဟု သုံးသပ်ကြောင်း သတင်းရရှိသည်။

တူးဖော်နေသည်မှာ အနက် ၁၃ ပေခန့်ရှိသည့်တိုင် ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိမှု မရှိသေးသော်လည်း နိုင်ငံတော်မှ စစ်တပ်နှင့်
ရဲတပ်ဖွဲ့ဝင်များပါ လုံခြုံရေးချထားပြီး လာရောက်ကြည့်ရှုသူများလည်းရှိသည်။

“ဂျပန်ခေတ်က ပစ္စည်းတစ်ခု ခုတင်ပြီးတွန်းတဲ့ သစ်သားတန်းတွေ့ထားတယ်။ အဲဒီအောက်ခံမြေကလည်း ပစ္စည်းတွေချဖို့ ပြုလုပ်ထားတဲ့ မြေမာအမျိုးအစားဖြစ်တယ်” ဟု ဘူမိဗေဒပညာရှင် ပါမောက္ခဦးစိုးသိန်းက ပြောသည်။

“အရင်တုန်းက ဂျပန်စကားတတ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ဂျပန်တစ်ယောက် တူးဖူးသေးတယ်လို့ ပြောတယ်။ အဲဒါနဲ့ ဘူမိဗေဒပညာ ရှင်နဲ့အတူ ဂြိုဟ်တုကနေကြည့်တယ်။ ရတနာတွေရှိနိုင်တယ်ဆိုပြီး ၀န်ကြီးချုပ်ကိုသွားပြောတယ်။ ၀န်ကြီးချုပ်ကလာကြည့်ပြီး လုံခြုံရေးချထားဖို့ ညွှန်ကြားတယ်။ သူလာတာ ဇွန် ၄ ရက်ကဆိုတော့ အဲဒီနေ့ကပဲ လုံခြုံရေးချထားတယ်” ဟု ဇီးကုန်းမြို့နယ် ခေတ္တမြို့ မြို့နယ်မှူး ဒုရဲမှူးချစ်ဆွေက ပြောသည်။ “အောင်မြင်ဖို့ များပါတယ်။ လမ်းစတွေလည်း တွေ့နေပါပြီ။ ဒီနေ့တောင် သဲလွန်စနှစ်ခု တွေ့သေးတယ်။ နှစ်ရက်၊ သုံးရက် လောက်ဆို အဖြေပေါ်လောက်တယ်” ဟု တူးဖော်နေသောအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သင်္ကြန်ကျော်လောက်မှာ စတူးတယ်။ ရက်တော့မမှတ်မိဘူး။ ရေရရှိရေး တူးနေတာပါ။ သူတို့ တူးနေရင်းနဲ့ ကျွန်းတုံးကြီးတွေ့တယ်။ ဘာမှမတွေ့တော့လည်း သောက်သုံးကန်ရတာပေါ့။ ဘူမိဗေဒပညာရှင်ကြီးလည်း ပါပါတယ်။ သူကိုယ်တိုင်ရှာလိုက်တော့ အစအနတွေ့တယ် နေမှာပေါ့” ဟု ရေကန်တူးဖော်သည့် ခြံပိုင်ရှင် ဒေါ်ညွန့်ညွန့်သောင်းက ပြောသည်။

7day

No comments:

Post a Comment