Friday, June 28, 2013

ပရိသတ်များအား ထိခိုက်စေသည့် ဇာတ်ဝင်ခန်းများကို ပြန်လည်ဖြတ်တောက်တော့မည် Friday, June 28, 2013

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သော ကြည့်ရှုသူပရိသတ်များ၏ စိတ်ကိုထိခိုက်စေနိုင်သည့် ပြောဆို
ပြုမူသည့် ဇာတ်ဝင်ခန်းကို ပြန်လည်ဖြတ်တောက်တော့မည် ဖြစ်ကြောင်း ဗီဒီယိုဆင်ဆာအဖွဲ့၏ ကောက်နုတ် ချက်တွင် ဖော်ပြထားသည်။

ကောက်နုတ်ချက်များအရ ကြည့်ရှုသူ ပြည်သူလူထုကို ထိခိုက်စေမည့်အပြောများ၊ ပြသမှုများ အပါအဝင် အန္တရာယ်ဖြစ်စေမည့်အပြောအပြများကို ဆင်ဆာအဖွဲ့အနေဖြင့် လက်ခံခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း၊
ပြည်သူလူထုကို ဗဟိုပြုသည့်အတွက် ပြည်သူလူထုအကျိုးယုတ်စေမည့် ပြကွင်း ပြကွက်များကို ပြည်သူလူထု
၏ တောင်းဆိုမှုအရ ဖြတ်တောက်ပစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတွင် နိုင်ငံတော်မှ လက်ရှိ ကျင့်သုံးဆောင် ရွက်လျက်ရှိသော စတုတ္ထမဏ္ဍိုင်ဖြစ် သည့် မီဒီယာကဏ္ဍတွင် ဆင်ဆာ လည်း ပါဝင်နေပြီး ယခင် ဆင်ဆာမူဝါဒ ၁ဝချက်မှ ခြောက်ချက်ကို လျှော့ချပြောင်းလဲ သတ်မှတ်ပေးခြင်းမှာ ပြည်သူလူထု
တောင်းဆို၍မဟုတ်ဘဲ ယခင် ပြည်ထောင်စုဝန်ကြီးလက် ထက်ကတည်းက ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးများနှင့် လောကသားများ အကျိုးအတွက် စဉ်းစားကာ ဖြေလျှော့ပေးခဲ့ခြင်းပါရှိသည်။

၎င်းနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ''ဖြတ်တောက်တာ ဖြတ်တောက်လို့ ရပါတယ်။ ဒါရိုက်တာရဲ့ ဖန်တီးမှုကို
တော့ ဆွေးနွေးသင့်ပါတယ်။ သူ ဘယ်လိုဖန်တီးထားသလဲ၊ ဘယ်လို အကြောင်းအရာလဲပေါ့။ ကိုယ့်သဘောနဲ့ ကိုယ် ဆုံးဖြတ်မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ တချို့ကားတွေကျတော့ ဖန်တီးသူတွေဘက်က မလွန်ဘဲ ဖျက်မိမှာစိုးတာပါ။ ဘယ်အရာမဆို ညှိနှိုင်းပြီး ထွက်လာတဲ့အဖြေက နှစ်ဖက်စလုံးအတွက် ကောင်းမှာပါ'' ဟု သူ့အမြင်ကို ပြောပြသည်။

ဗီဒီယိုသည် ကျေးလက်ဒေသများအထိ လျင်မြန်စွာပျံ့နှံ့ရောက်ရှိနေသဖြင့် ပြည်သူ လူထုအတွက် အဆိပ် အတောက်ဖြစ်စေမည့် စိတ်ပိုင်းဆိုင်ရာအန္တရာယ်ဖြစ်စေမည့် အပြော အပြများ ပါဝင်ပါက နောင်လူငယ်များ အတွက် အတုခိုးမှားယွင်းပြီး နစ်နာသွားနိုင်ကြောင်း Rating စနစ်ကို ပြောင်းလဲကျင့်သုံးရန် ဖြည်းဖြည်းချင်း
ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အဆိုပါကောက်နုတ်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Mizzima News

No comments:

Post a Comment