Friday, June 28, 2013

တရုတ်ရှင်ကျန်းပြည်နယ် အူဂါနှင့်ဟန်လူမျိုးတို့အကြား ပဋိပက္ခ ၂၇ ဦးသေဆုံး Friday, June 28, 2013


အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလေ့ ရှိသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးသွားကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်များကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

... ရှင်ကျန်းပြည်နယ် မြို့တော် Urumqi ၏ အရှေ့တောင်ဘက် မိုင် ၁၂၀ ခန့်တွင် ရှိသော နယ်မြို့တစ်ခုဖြစ်သည့် တာဘန်တွင် ဓားများ ကိုင်ဆောင်ထားသော အကြမ်းဖက်လူတစ်စုက ရဲစခန်းနှင့် ဒေသခံအစိုးရ အဆောက်အအုံတစ်ခုကို တိုက်ခိုက်လာခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဖော်ပြချက်များကို အတည်ပြုနိုင်ရန်မှာမူ သတင်းနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် မလွယ်ကူကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် လူတစ်စုသည် လူများကို ဓားဖြင့်ထိုးခြင်း၊ ရဲကားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယင်းပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လူခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းကြောင့် လူ ၁၀ ထပ်မံ သေဆုံးခဲ့သည်။

ယခုနှစ် ဧပြီလကလည်း ရှင်ကျန်းပြည်နယ် Kashgar မြို့တွင် အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက် လူ ၂၁ ဦး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း ရှင်ကျန်းပြည်နယ် မြို့တော် Urumqi မြို့တွင် အူဂါများနှင့် ဟန်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment