Friday, June 28, 2013

ဇွန်လ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်း

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲကို ဇွန် ၂၇ တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သီတဂူဆရာတော် အပါအ၀င် ဆရာတော် သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေး ပညာပေး တားဆီးကာကွယ်ရန်၊ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား လူမျိုးများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ စည်းရုံးရန်၊ အမျိုးဘာသာ သာသနာ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောက်ရွက်ရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခြင်းဖြစ်သည်။

ထိုပွဲတွင် သီတဂူဆရာတော်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲစောင့်ရှောက်သွားရန် လိုအပ်ကြောင်း တိုက်တွန်း မိန့်ကြားခဲ့သည်။ ထို့ပြင် ရန်ညှိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ကြောင်း၊ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီခြင်း၊ ညီညွတ်ရေး ပျက်စီးခြင်း၏ အကြောင်းများ ဖြစ်သည်ဟု မိန့်ကြားခဲ့ပြီး သံဃာတော်များ မပါဝင်မိရန် ၀င်ထိန်းပေးရန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ ပြဿနာရပ်များတွင် ၀င်ရောက်ပါဝင် ပတ်သက်ပါက တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲသည့်၊ သွေးပူအောင် လုပ်သည့်အထဲ ပါဝင်သွားနိုင်ကြောင်းလည်း ထည့်သွင့်မိန့်ကြားခဲ့ရာ ထိုအချက်များသည် ကောင်းမွန်မှန်ကန်သည့် တိုက်တွန်းချက်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခများသည် ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးလှုံ့ဆော်မှုများကြောင့်သာဖြစ်ပြီး ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များ၊ မီဒီယာများက ရှင်းလင်းခဲ့ကြပြီး ဖြစ်သည်။ ထို့ပြင် မိမိတို့ နိုင်ငံတွင် ဘာသာလူမျိုးပေါင်းစုံတို့ ရှေးနှစ်ပေါင်း များစွာကပင် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည့် သမိုင်းအထောက်အထားများ ရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး တစ်နှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ရင်းမြစ်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာရေး လှုံ့ဆော်မှုများ ရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုများတွင် လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ရန် အားလုံးသတိမူရမည် ဆိုသည့် သီတဂူဆရာတော်က မိန့်ကြားခဲ့သော စကားအား မမေ့မလျော့ သတိပြု လိုက်နာသင့်ပါကြောင်း The Daily Eleven သတင်းစာက ထပ်မံတိုက်တွန်း အပ်ပါသည်။

No comments:

Post a Comment