Monday, June 24, 2013

မန္တလေးတောင် ဂေါပကအဖွဲ့ သမ္မတရုံးထံ တိုင်ကြားခံရ မန္တလေး၊ ဇွန် ၂၂

မန္တလေးတောင်တော် ဘက်စုံ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ဘဏ္ဍာငွေ ရှာဖွေရေးအတွက်ဆိုကာ ဂေါပကအဖွဲ့က လုပ်ငန်းကြီး ခုနစ်ခုကို လုပ်ကိုင်နေခြင်းနှင့် ပတ်သက်၍ မန္တလေးတောင်ရှိ ဆိုင်ခန်းရှင်များ က ဂေါပကအဖွဲ့ကို သမ္မတရုံးသို့ တိုင်ကြားစာ ပို့ထားကြောင်း ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တော် ယူနီစန် ကဖေးတွင် ပြုလုပ်သော မန္တလေးတောင် ဈေးသူ၊ ဈေးသားများ၏ သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

မန္တလေးတောင်တော် ဂေါပကအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ကာ တောင်တော် ဘက်စုံ ဖွံ့ဖြိုးရေး ဘဏ္ဍာငွေအတွက် တောင်တော် လုပ်ငန်းကြီး ခုနစ်ခုဖြစ်သည့် ယာဉ်တက်ခွင့် လုပ်ငန်း၊ တောင်ပေါ် ယာဉ်ရပ်နားခွင့် လုပ်ငန်း၊ ဘိုးဘိုးကြီးနတ်နန်း ယာဉ်ရပ်နားခွင့် လုပ်ငန်း၊ ဗီဒီယို ကင်မရာ ရိုက်ကူးခွင့် လုပ်ငန်း၊ စက် လှေကား စီးနင်းခွင့် လုပ်ငန်း၊ ရေအိမ်သာ သုံးစွဲခွင့် လုပ်ငန်းနှင့် ဖိနပ် အပ်နှံခွင့် လုပ်ငန်းတို့ကို လုပ်ဆောင်နေကြောင်း၊ ဆိုင်ခန်းရှင်များက ဂေါပကအဖွဲ့ အနေနှင့် ထိုလုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင်ခြင်းကို လက်မခံနိုင်သဖြင့် ထိုသို့ တိုင်ကြားခြင်းဖြစ်ကြောင်း ဦးတင်အောင်ခိုင်က ပြောကြားသည်။

ယင်းတိုင်ကြားစာကို မန္တလေးတောင်ပေါ်ရှိ ဆိုင်ခန်းရှင် ၃၁ ဦး လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး တိုင်ကြားစာပေးပို့ပြီး တစ်လအကြာထိ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးသောကြောင့် ၎င်းတို့အနေနှင့် ခြောက်လ ခန့် စောင့်ကြည့်မည်ဖြစ်ပြီး အကြောင်းမထူးပါက လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တိုင်ကြားသူများတွင် တစ်ဦး အပါအဝင်ဖြစ်သူ ဦးတင်အောင်ခိုင်က ပြောကြားသည်။

ဂေါပကအဖွဲ့ အနေနှင့် တောင်တော် ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ နည်းပါးနေသည့်အတွက် တောင်တော် လုပ်ငန်းများကို လုပ်ကိုင်နိုင် ရန် ဈေးသူ ဈေးသားများနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး တောင်တော် ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

ယခင် ဂေါပကအဖွဲ့က တောင်တော်လုပ်ငန်းများ မလုပ်ဆောင်ခင် လုပ်ငန်း အားလုံးပေါင်း အခွန်အခ ကောက်ခံမှုသည် တစ်လလျှင် ကျပ် ၁၅ သိန်း ဝန်းကျင်ခန့်သာ ရရှိခဲ့ပြီး ယခု ဂေါပကအဖွဲ့မှ တောင်တော် လုပ်ငန်းများ ဦးစီး လုပ်ကိုင်ချိန်တွင် တောင်တော် ဘက်စုံ ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာငွေသည် တစ်လလျှင် လုပ်ငန်း အားလုံးပေါင်း ကျပ်သိန်း ၃၀၀ ကျော်ခန့် ရရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

No comments:

Post a Comment