Sunday, June 23, 2013

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမဟုတ်ပါ

တရုတ်ပြည်၏ အနောက်ဘက်တွင် တိုင်းဒေသကြီး နှစ်ခု ရှိသည်။ တိဘက်ဒေသနှင့် ချင်ဂျင် (ခ) စင်းကျန်း (Xinjiang) ဒေသတို့ ဖြစ်သည်။ ယခင်လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် တိဘက်ကို တရုတ်နိုင်ငံမှ မတရားသိမ်းယူ၍ ကိုလိုနီပြုအုပ်ချုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ တိဘက်လူမျိုးများ၏ လွတ်မြောက်ရေးတိုက်ပွဲများသည် ပြင်းထန်ခဲ့သော်လည်း အင်အားကြီးတရုတ်နိုင်ငံကို တွန်းလှန်နေရသောကြောင့် ရလဒ်ကောင်းများ ထွက်သင့်သလောက် မထွက်ခဲ့ချေ။ နောက်ဆုံးတွင် ကမ္ဘာမှ အာရုံစူးစိုက်လာစေရန် တိဘက်ဘုန်းကြီးများ မိမိကိုယ်ကို မီးရှို့ရသည့်အနေအထားထိ ရောက်လာသည်။ ကမ္ဘာ့လက်တစ်ဆုပ်စာ ဗုဒ္ဓဘာသာနိုင်ငံများသည်လည်း တိဘက်ပြည်သူများနောက်မှ ကူညီသင့်သလောက် မကူညီနိုင်ကြပေ။

တိဘက်ဒေသ၏ မြောက်ဘက်တွင် ချင်ဂျင်ဒေသရှိသည်။ ချင်ဂျင်ဒေသသည် တရုတ်ပြည်၏ သဘာဝဓာတ်ငွေ့ အများဆုံး ထွက်ရှိရာဒေသဖြစ်သည်။ ဖွံ့ဖြိုးစတရုတ်နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ဒေသဖြစ်သည်။ ဒေသခံ အများစုမှာ မွတ်စလင်ဘာသာဝင်များ ဖြစ်ကြသည်။ Uyghur လူမျိုးများ အများအပြားနေထိုင်ကြသည်။ လူမျိုးရေး ပဋိပက္ခများ မကြာခဏ ဖြစ်ပွားရာ ဒေသဖြစ်သည်။ မွတ်စလင် ခွဲထွက်ရေးသမားများသည် တရုတ်လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းကြသော်လည်း အောင်မြင်မှုများမှာ မပြောပလောက်ပေ။ တရုတ်အစိုးရကလည်း ခွဲထွက်ရေးသမားများကို အကြီးအကျယ် နှိပ်ကွပ်သည်။ မွတ်စလင်ဘာသာဝင်များကို ထိန်းချုပ်ရန် ပေါ်လစီများ အများအပြား ချမှတ်ထားသည်။ ဟန် တရုတ်လူမျိုးများကို ချင်ဂျင်ဒေသတွင် အများအပြား နေရာချထားခြင်းဖြင့် မွတ်စလင်လူဦးရေများနေမှုကို ထိန်းနေသည်။ OIC သည် လည်း ချင်ဂျင်အရေးနှင့်ပတ်သက်၍ ပြောဆိုနေမှုများကို သတိထားနေရသည်။

တရုတ်၊ ဆော်ဒီ၊ ရုရှားစသည့် လူမျိုးရေး၊ ဘာသာရေးနှင့် ယှက်နွယ်နေသည့် ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများစွာရှိသည်။ သို့သော် နိုင်ငံအပေါ်မူတည်၍ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ တုန့်ပြန်မှုများ၊ မီဒီယာရေးသားချက်များ၊ နိုင်ငံတကာ အာရုံစူးစိုက်မှုများ၊ ဝေဖန်အပြစ်တင်မှုများ၊ ကုလသမဂ္ဂ၏ ကိုင်တွယ်မှုများ သည် ကွာခြားသည်ကို တွေ့ရသည်။ တရုတ်သည် လုံခြုံရေးကောင်စီဝင်နိုင်ငံဖြစ်နေသည့်အတွက် ဘင်္ဂလီတို့ကဲ့သို့ World's most persecuted people ဟု Uyghur မွတ်စလင်များကို ကုလသမဂ္ဂမှ ကင်ပွန်းမတပ်ရဲပေ။

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းစနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ Mature Democracy မဟုတ်သေးချေ။ ယင်းကြောင့် လူပုဂ္ဂိုလ်များသည် မိမိ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို ခွဲခြားကျင့်ကြံမှု အားနည်းမှုများ ရှိနေမည်မှာ မလွဲပေ။ ဤသည်မှာ အသွင်ကူးပြောင်းစနိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိစမြဲပင်။

ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ပိတ်ခံထားရခြင်းကြောင့် နိုင်ငံတကာ စံနှုန်းများ၊ အတွေးအခေါ်များ၊ အပြောအဆိုများနှင့် အံဝင်ဂွင်ကျဖြစ်ရန် အချိန်တစ်ခု လိုနေဦးမည်သာ ဖြစ်သည်။ ပြောဆိုရေးသားမှုများ၊ တုန့်ပြန်မှုများတွင် ပါးနပ်မှုများ၊ ပရိယာယ်များ အားနည်းနေမည်ပင် ဖြစ်သည်။ မြန်မာပြည်သူများမှလည်း ကြိုးစားသွားကြရမည်ပင်ဖြစ်သည်။ ယခုရေတွင်းတူး၊ ယခုရေကြည်အေး ထွက်လာမည်တော့ မဟုတ်သေး။

မြန်မာနိုင်ငံသည်

၁။ အင်အားသေး နိုင်ငံဖြစ်ခြင်း၊
၂။ လက်တစ်ဆုပ်စာ ဗုဒ္ဓဘာသာနိုင်ငံများထဲက တစ်နိုင်ငံဖြစ်ခြင်း၊
၃။ ဗုဒ္ဓဘာသာနိုင်ငံများမှာလည်း OIC တို့ကဲ့သို့ ငွေကြေးရွှင် umbrella အဖွဲ့အစည်းမျိုးမရှိခြင်း၊ (ဒလိုင်းလားမားတောင် မြန်မာနိုင်ငံကို ဝေဖန်ထားသည်။)၊
၎။ ဆော်ဒီနိုင်ငံကဲ့သို့ ရေနံအလျံပယ်မထွက်ခြင်း၊
၅။ မိမိအာဏာရရေးအတွက် ဗုဒ္ဓဘာသာ နာမည်ပျက်မကလို့ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူးဆိုသူများ ရှိနေခြင်း၊
၆။ တရုတ်နိုင်ငံကဲ့သို့ "မြန်မာတွေ အမှောင်ကျပြီး အထီးကျန်လေ သူတို့တွက်ခြေကိုက်လေ" ဆိုသော နိုင်ငံရှိခြင်း၊
၇။ လစ်ဘရယ်ဆိုလျှင် အကုန်လုံးကောင်းသည်ဟုဆိုသော ဇာနည်ကဲ့သို့ အနောက် copy cat များရှိနေခြင်း၊
၈။ ပြည်ပကို အခြေစိုက်ကာ ပြည်ပလခစားနေရသဖြင့် တခြားအခြင်းအရာများထက် လူ့အခွင့်အရေးကို မီးဆလိုက်ကောင်းကောင်းထိုးတတ်သော ပြည်ပမီဒီယာများ ရှိနေခြင်း၊
၉။ မိမိနာမည်ကြီးရင် ပြီးရော Notorious ဖြစ်ဖြစ်၊ Famous ဖြစ်ဖြစ် ဂရုမစိုက်သူတစ်စု ရှိခြင်း၊

စသည့် အကြောင်းခြင်းရာများစွာတို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာများ၏ ထိုးနက်မှုများကို ခံနေရဦးမည်ပင်ဖြစ်သည်။ ကမ္ဘာ့ မွတ်စလင်နိုင်ငံများမှာ အရေအတွက်များခြင်း၊ ငွေကြေးတောင့်တင်းခြင်းတို့ကြောင့် ဘင်္ဂလီအရေးမှ ဘာသာရေးဘက်သို့ အသွင်ပြောင်းလာသည်မှာ ကောင်းသော လက္ခဏာမဟုတ်ဟု သွယ်ဝိုက်၍တမျိုး၊ နီးစပ်ရာအလိုက် တဖုံ ပြောလာနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အင်အားတောင့်တင်းသော တရုတ်နိုင်ငံမဟုတ်ချေ။ ယခုကဲ့သို့ နိုင်ငံတကာမှ မှန်ဘီလူးထိုးစောင့်ကြည့်နေသော အချိန်တွင် မိမိ၏ ရွေ့ကွက်များကို သတိထား ရွေ့တတ်ဖို့ လိုနေပါဦးမည်။

Kyaw H Aung

No comments:

Post a Comment