Friday, June 28, 2013

ဥက္ကံပဋိပက္ခ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို သံဃာတော်များ ထောက်ပံ့ ရန်ကုန်၊ ဇွန် ၂၇

ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်သည်ဟု ယူဆ၍ ဖမ်းဆီးခံ ထားရသူ ၂၅ ဦးတို့၏ မိသားစုဝင်များကို ဇွန်လ၂၆ ရက် မွန်းလွဲ ၁ နာရီက သာယာဝတီ မြို့နယ်လုံးဆိုင်ရာ သာသနပါလက ဂဏဝါစက သံဃာအဖွဲ့က ဥက္ကံမြို့ အောင်ဇေယျ ရပ်ကွက် လောင့်ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ခဲ့ကြောင်း အဆိုပါ သံဃာ့အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။

ဘာသာရေး ပဋိပက္ခကြောင့် မီးဘေးသင့်ပြည်သူ များကို လှူဒါန်းထောက်ပံ့မှု များပြားသော်လည်း ပဋိပက္ခကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရသူ များ၏ မိသားစုဝင်များကို ထောက်ပံ့မှု နည်းပါးခြင်းကြောင့် ယင်းကဲ့သို့ လှူဒါန်း ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးတေဇောဘာသက ဆက်လက် မိန့်ကြားသည်။

သံသယရှိ၍ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား ထောက်ပံ့မှုကို သာယာဝတီမြို့မှ မြို့နယ်လုံးဆိုင်ရာ သာသနပါလကဂဏဝါစက သံဃာအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် နာရေးကူညီမှုအသင်း၊ ဓမ္မစကူးလ်၊ ကရုဏာရှင် သွေးလှူရှင်များ အသင်း၊ ဥက္ကံမြို့ရှိ ထာဝရဖြူစင်မေတ္တာ အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။

ဖမ်းဆီးခံထားရ သူများ၏ မိသားစုဝင်များကို တစ်အိမ်ထောင်လျှင် ကျပ် တစ်သောင်းခွဲနှင့် ဆန်တစ်အိတ်၊ ဗလာစာအုပ် သုံးဒါဇင် ထောက်ပံ့ခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ရှစ်သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း အဆိုပါ အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဥက္ကံပဋိပက္ခကြောင့် ဖမ်းဆီးခံထားရသူ များမှာ ပနီပင်ကျေးရွာတွင် ၁၀ ဦး၊ ကျွဲပုန်းကြီးကျေးရွာတွင် ရှစ်ဦး၊ ဗန္ဓုလရပ်ကွက်တွင်နှစ်ဦး၊ ဥယျာဉ်ကြီးကျေးရွာ တွင် နှစ်ဦး၊ မီးနင်းကန်ကုန်း ကျေးရွာတွင် သုံးဦးတို့ အပါအဝင် စုစုပေါင်း ၂၅ ဦး ပါဝင်ကြောင်း ဖမ်းဆီးခံထားရသူ မိသားစုဝင်များက ပြောကြားသည်။

"အိမ်ထောင်ဦးစီး အဖမ်းခံရလို့ အခု စားဝတ်နေရေးလည်း ခက်တယ်၊ ဘာမှလုပ်လို့ကို မရဘူး၊ ဒီအမှုကို အမှန်ဆုံးနဲ့ အမြန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ လူကြီးများကို အမြန်ဆုံး ဆောင်ရွက်စေချင်တယ်" ဟု ဥက္ကံပဋိပက္ခတွင် ပနီပင်ရွာမှ အဖမ်းခံရသူ ဦးမင်းသုအောင်၏ အမျိုးသမီး ဒေါ်အေးမော်လွင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူ ၂၅ ဦးကို ပုဒ်မ ၂၉၅၊ ၄၃၆၊ ၁၄၃၊ ၄၄၉ တို့ဖြင့် အမှုဖွင့်ကာ တိုက်ကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းထံမှ သိရသည်။

No comments:

Post a Comment