Monday, June 24, 2013

တိုင်း (Time) မဂ္ဂဇင်း ဖော်ပြချက် ရဟန်းပျိုသမဂ္ဂ ဥက္ကဌနှင့် ဒေါက်တာအရှင်နာယက ကန့်ကွက်ပယ်ချ Monday, June 24, 2013 အာရ်ကန်တိုင်းမ်စ် (သတင်း)


မကြာသေးခင် ရက်ပိုင်းအတွင်းက ကမ္ဘာကျော် တိုင်း(Time) မဂ္ဂဇင်းတွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သည့် အရှင်ဝီရသူအား ဗုဒ္ဓ၀ါဒီ အကြမ်းဖက်သမားမျက်နှာ (THE FACE 0F BUDDHIST TERROR) ဟု မျက်နှာဖုံးတင်ဖော်ပြခဲ့သော ဆောင်းပါးကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင်ခေမာစာရနှင့် ပြည်ပသာသနာပြု သံဃာတပါးဖြစ်သည့် ဒေါက်တာအရှင်နာယကတို့ က လုံးဝကန့်ကွက် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူမျိုးတမျိုးမှနေ အမည်သစ်ထွင်ပြီး အခြားလူမျိုးတမျိုးအဖြစ်သို့ ကူးပြောင်းချင်သည့် လုပ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု၊ အကြမ်းဖက်ခံနေခဲ့ရမှုများကို တိုင်း (Time) မဂ္ဂဇင်း အနေနှင့် ဖော်ပြရေးသားခြင်းမရှိဘဲ အရှင်ဝီရသူအား ယခုလို ဖော်ပြရေးသားထားသည်မှာ အဓိပ္ပာယ်မရှိ အရှက်သိက္ခာမဲ့ပြီး မျှတမူလုံးဝမရှိသည့်အတွက် လုံးဝကန့်ကွက်ပယ်ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင်ခေမာစာရက အာရ်ကန်တိုင်းမ်စ်သို့ မိန့်ကြားသည်။

" လူမျိုးခြားတမျိုးက အမည်သစ်ထွင်ပြီး နယ်မြေသိမ်းပိုက်လိုတဲ့အတွက် နိုင်ငံသားတွေကို အကြမ်းဖက်တဲ့ကိစ္စ၊ မသီတာထွေး အကြမ်းဖက် အသတ်ခံလိုက်ရတဲ့ကိစ္စ၊ မိတ္ထိလာမှာ အပြစ်မဲ့ သံဃာတပါး အသတ်ခံလိုက်ရတဲ့ ကိစ္စအပါအ၀င် တခြားတခြား တရားမျှတမှုနဲ့  ပတ်သက်ပြီး နိုင်ငံသားတွေ တောင်းဆိုနေတဲ့ဟာတွေကို တိုင်း (Time) မဂ္ဂဇင်း အနေနဲ့ လုံးဝ ဖော်ပြရေးသားခြင်းမရှိဘဲ အရှင်ဝီရသူရဲ့ ဟောပြော လုပ်ဆောင်မှုတွေကို ယခုလို တဖက်စောင်းနင်း မတရားဖော်ပြရေးသားတာဟာ အရှက်သိက္ခာမဲ့ပြီး တရားမျှတမှု လုံးဝမရှိတဲ့အတွက် ဦးဇင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ တပါးအနေနဲ့ လုံးဝ ကန့်ကွက်ပယ်ချတယ်။ " ဟု မိန့်ကြားသည်။

မလေးရှား၊ အင်ဒိုနီးရှားအပါဝင် အရှေ့တောင်အာရှ နိုင်ငံအများသည် တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော နိုင်ငံများဖြစ်သော်လည်း ဘာသာခြားများ၏ လွှမ်းမိုးမူကြောင့် ဗုဒ္ဓဆင်းထုတော်များအပါအ၀င် ဗုဒ္ဓဘာသာပါ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရသောကြောင့် ယနေ့  မြန်မာနိုင်ငံကို ထိုနိုင်ငံများနည်းတူ ဖြစ်ပျက်သွားမည်ကို အရှင်ဝီရသူက ဘာသာရေးစိတ်နဲ့  စိုးရိမ်ကြောက်ရွံ့စွာဖြင့် မိမိတို့ ဘာသာဝင်များကို သတိပေး နှိုးဆော်နေခြင်းဟုသာ ထင်မြင်ကြောင်း၊ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် လုံခြုံမှုရှိအောင် မျိုးစောင့်ဥပဒေလိုတရပ် လိုအပ်သည်ဟု ထင်မြင်ယူဆချက်များကို ဟောပြော တင်ပြခြင်းလောက်သာတွေ့ မြင်ရကြောင်း၊ မြန်မာဘင်လာဒင်၊ ဗုဒ္ဓ၀ါဒီ အကြမ်းဖက်သမားဟု ဖော်ပြသုံးနှုန်း ရေးသားရလောက်အောင် မည်ကဲ့သို့သော အစွန်းရောက် အကြမ်းဖက်သည့် ဟောပြောမှု၊ လှုံ့ဆော်မှု၊ လုပ်ဆောင်မှုများ မတွေ့ရှိရကြောင်း အရှင်ခေမာစာရက မိန့်ဆိုသည်။

" အရှင်ဝီရသူဟာ မန္တလေး မစိုးရိမ်ကျောင်းတိုက်ရဲ့ စာချဆရာတပါးဖြစ်သည့်အပြင် နာယက သံဃာတပါးလည်းဖြစ်တယ်။ နိုင်ငံတွင်းမှာ ဘာသာနှစ်ခုကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာလည်း ဥပဒေမလုံလောက်မှုကြောင့် အမျိုးသား လုံခြုံမှုမရှိဘူးလို့ ဦးဝီရသူနှင့် ဆရာတော်ကြီးတွေက ယူဆတဲ့အတွက် မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ချင်နေတာလို့  ဦးဇင်းက နားလည်ထားတယ်၊ မြန်မာဘင်လာဒင်၊ ဗုဒ္ဓ၀ါဒီ အကြမ်းဖက်သမားလို့ ဖော်ပြသုံးနှုန်း ရေးသားရလောက်အောင် အစွန်းရောက် အကြမ်းဖက်တဲ့ဟောပြောမှု၊ လှုံ့ဆော်မှု၊ လုပ်ဆောင်မှုတွေကို မတွေ့ရဘူး၊ ဘယ်သူ တဦးတယောက်ကိုမှလည်း သတ်တာမတွေ့ရဘူး၊ ဗုဒ္ဓရဲ့လမ်းစဉ်အရ လူ့ အသက်ကို သတ်လို့လည်း မရဘူး၊ အသက်သတ်ရင် ဘုန်းကြီးလည်း မဟုတ်တော့ဘူး။ " ဟု မိန့်တော်မူသည်။

ပညာနှင့် မေတ္တာကို အခြေခံပြီး နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ဖြတ်သန်းလာခဲ့သော ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒီဟု သုံးနှုန်းရေးသားခြင်းမျိုးကို ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ မြင်ကြားဖူးရခြင်းဖြစ်ကြောင်း၊ တိုင်း (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်သည် ဗုဒ္ဓဘာသာကြီး တခုလုံးကို ထိခိုက်စော်ကားထားခြင်းဖြစ်ပြီး ကမ္ဘာကျော် တိုင်း(Time) မဂ္ဂဇင်းကြီး တစောင်အနေနဲ့လည်း စာနယ်ဇင်းတို့၏ ကျင့်ဝတ်သိက္ခာကိုပါ ထိခိုက်ကြောင်း၊ ယခုလို ကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသားဖော်ပြခဲ့ခြင်းမျိုး ယခင်ကလည်း တိုင်း (Time) မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့ခြင်းကြောင့် တရားစွဲခံခဲ့ဖူးရကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကိုလံဘီယာ တက္ကသိုလ်၏ ဧည့်ပါမေက္ခဟောင်းလည်းဖြစ် နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်းတွင် လက်ရှိသီတင်းသုံး သာသနာပြုနေသော သံဃာတပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယက က အာရ်ကန်တိုင်းမ်စ်သို့ မိန့်ကြားသည်။

" နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ဖြတ်သန်းလာခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ပညာနှင့် မေတ္တာကို အခြေခံတယ်၊ ဒီလို ဘာသာကြီးတခုလုံးကို အကြမ်းဖက်ဝါဒီလို့ သုံးနှုန်းရေးသားထားခြင်းမျိုးကို တွေ့မြင်ကြားဖူးတာဟာ ဒါပထမဆုံးအကြိမ်ပဲ၊ ဒီလိုရေးသားဖော်ပြတာဟာ ဗုဒ္ဓဘာသာကြီး တခုလုံးကို ထိခိုက်စော်ကားထားခြင်းဖြစ်တယ်၊ တဖက်မှာလည်း ကမ္ဘာကျော် တိုင်း (Time) မဂ္ဂဇင်းကြီး တစောင်အနေနဲ့ စာနယ်ဇင်းတို့ရဲ့ ကျင့်ဝတ်သိက္ခာကိုပါ ထိခိုက်တယ်၊ တိုင်း (Time) မဂ္ဂဇင်းဟာ ခုလိုမျိုး မဟုတ်မမှန် မှားယွင်းတဲ့ ရေးသားဖော်ပြမှုမျိုး ယခင်ကလည်း မကြာခဏ ပြုလုပ်ဖူးတဲ့အတွက် သမ္မတ အိုဘားမားအစိုးရအဖွဲ့နှင့် သြစတေးလျားအစိုးရအဖွဲ့တွေရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရဖူးတယ်၊ ဒီလိုရေးသား ဖော်ပြလိုက်တာဟာ ပြည်တွင်းထဲမှာ ဖြစ်ပျက်နေတဲ့ ပြသနာရဲ့ အဖြေမဟုတ်တဲ့အပြင် ဆိုးကျိုးတွေကိုသာ ထပ်ဖြစ်ပေါ်လာနိုင်တယ်။ " ဟု ဒေါက်တာ အရှင်နာယကမှ သုံးသပ်မိန့်ဆိုသွားခဲ့သည်။

တိုင်း (Time) မဂ္ဂဇင်း၏ မှားယွင်းသော လုပ်ရပ်ကို မြန်မာပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့က ကန့်ကွက်ရှုတ်ချသည့်အပြင် မြန်မာအစိုးရမှလည်း ကန့်ကွက်ထားကြောင်းလည်း သိရသည်။

Arakan Times

No comments:

Post a Comment