Monday, June 24, 2013

အသက် ၁၀၀ နှင့်အထက် ဘိုးဘွားဦးရေ ကိုးနှစ်အတွင်း လေးဆနီးပါး မြင့်တက် Monday, June 24, 2013


မြန်မာနိုင်ငံ၌ ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုးနှစ်အတွင်း အသက် ၁၀၀ နှင့်အထက် ဘိုးဘွားဦးရေမှာ လေးဆနီးပါး မြင့်တက်လာပြီး လက်ရှိတွင် ၁၀၈ ဦးရှိကြောင်း ဇွန် ၂၂ ရက်က မင်္ဂလာဗျူဟာ အသင်းချုပ်၌ ကျင်းပခဲ့သည့် 'န၀မအကြိမ်မြောက် မင်္ဂလာဗျူဟာ ပရဟိတ အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲ' အခမ်းအနားမှ သိရသည်။

အဆိုပါ လူဦးရေစာရင်းမှာ မင်္ဂလာဗျူဟာ အသင်းချုပ်မှ နှစ်စဉ် အသက် ၁၀၀ နှင့်အထက် ဘိုးဘွားများပူဇော်ပွဲ ကျင်းပရန်အတွက် မြန်မာတစ်နိုင်ငံလုံးသို့ ဖိတ်ခေါ်ရာမှ ရရှိထားသော စာရင်းများဖြစ်ရာ တစ်နိုင်ငံလုံး အနေဖြင့် စစ်တမ်းကောက်ယူပါက ယခုဦးရေထက် ပိုမိုများပြား နိုင်ကြောင်းလည်း သိရသည်။

စာရင်းများအရ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်ရှိ အဘွားဒေါ်မြကြည်မှာ မြန်မာနိုင်ငံ၌ အသက်အကြီးဆုံးဖြစ်ပြီး အသက် ၁၂၁ နှစ် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုလည်း များပြားလာကြောင်း၊ သန်းခေါင်စာရင်းများအရ လူ ၁၀ ဦးတွင် တစ်ဦးမှာ အသက် ၆၀ နှင့် အထက်များဖြစ်နေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦးနှုန်းမှာ အသက် ၆၀ နှင့်အထက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

"ဒီစာရင်းတွေ အရဆိုရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုများလာပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုလာပြီလို့ ဆိုရမှာပါ" ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမင်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက်ရှိသူ သက်ကြီးရွယ်အို အရေအတွက်မှာ လက်ရှိအချိန်တွင် စုစုပေါင်း လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိသားစု လူနေမှုပုံစံများ ပြောင်းလဲလာပြီဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးအရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး လက်ရှိတွင် နိုင်ငံ့လူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း သိရသည်။
EMG/ZinYawNews

အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

No comments:

Post a Comment