Tuesday, September 24, 2013

ဟုမ္မလင်းမြို့နယ်၊ဥရုချောင်းအနီး အလွန်ကြီးမားသော သတ္တ၀ါတစ်ကောင် ရှေးဟောင်းကျောက်ဖြစ် ရုပ်ကြွင်း တွေ့ရှိ (ဟာဂျူလီ-ကသာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ရွှေတွင်းကျေးရွာအုပ်စု အောက်တုံကျဲကျေးရွာ အနီးရှိ ဥရုချောင်းစပ်တွင် အလွန်ကြီးမားသော သတ္တ၀ါတစ်ကောင်၏ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုကို ၂၁၊၉၊၂၀၁၃ရက်နေ့က တွေ့ရှိခဲ့ရကြောင်း
ရွှေတွင်းကျေးရွာအုပ်စု NLDဥက္ကဌ ဦးဇော်က HJL Media ကို ယခုလို ပြောပြခဲ့ပါသည်၊
" ကျွန်တော်တို့ဆီကို အောက်တုံကျဲကျေးရွာသားတစ်ယောက်က သတင်းပို့ပြောကြားလာပါတယ်၊ သူ ဥရုချောင်းစပ်နားမှာ ၀ါးခုတ်သွားရင်း သတ္တ၀ါအရိုးစုပုံစံ ကျောက်ဖြစ်နေတဲ့ အရာ အကြီးကြီး တစ်ခု တူးမိတယ်ပေါ့၊တူးရင်းနဲ့ ကြည့်လိုက်တော့
သွားတွေ အစွယ်တွေ နံရိုးတွေ အထိရောက်နေပြီပေါ့၊ဆက် မတူးရဲလို့ အခုလို လာအကြောင်းကြားတာလို့လဲ ပြောပါတယ်၊ဒါနဲ့ ကျွန်တော်တို့ အဖွဲ့တွေ သတ္တ၀ါအရိုးစုပုံစံ ကျောက်ဖြစ်နေတဲ့ ရုပ်ကြွင်း တွေ့ရှိရာကို သွားခဲ့ကြပါတယ်၊တကယ် တွေ့ခဲ့ရပါတယ်၊
သွားတွေ အစွယ်တွေ တကယ့်ကို အကြီး ကြီး ပါပဲ၊နံရိုးတွေ ခွာတွေ လည်း တွေ့ရပါတယ်၊ ဒေသခံတွေကတော့ ဒိုင်နိုဆော တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလို့ သတ်မှတ်ပြောဆိုနေကြပါတယ်၊
ကျွန်တော်တို့အဖွဲ့လည်း တွေ့ရတဲ့ ကျောက်ဖြစ်ပစ္စည်းတွေ မပျောက်ပျက်ရအောင် စတင်တွေ့ရှိခဲ့တဲ့ ရွာသားကို သေချာသိမ်းဆည်းထားဖို့ အပ်နှံပြီး ပြန်လာခဲ့ပါတယ်၊
အခုတော့ ရဲစခန်းကို အကြောင်းထားပြီးပါပြီ၊သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို ဆက်အကြောင်းကြားပေးပြီး သက်ဆိုင်ရာတွေက သိမ်းဆည်း စစ်ဆေး သုတေသနလုပ်ဖို့လိုအပ်ပါတယ်၊
ဒီလို ကျွန်တော်တို့ ဆောင်ရွက်နေတုန်း စရဖသတင်းပေး ထွန်းထွန်းဦးဆိုသူက ပြည်သူ့စစ်တွေခေါ်ပြီး အောက်တုံကျဲကျေးရွာ ကို သွားပါတယ်၊ ကျောက်ဖြစ်ရုပ်ကြွင်း သိမ်းဆည်းထားတဲ့ ရွာသား(စတင်တွေ့ရှိ သူ)
ကို ခြိမ်းချောက် ဟိန်းဟောက် အနိုင်ကျင့်ပြီး သိမ်းဆည်းသွားပါတယ် ၊ဘယ်သက်ဆိုင်ရာကိုလည်း မအပ်သေးပါဘူး၊ဒါတွေ မပျောက်မပျက် သုတေသနလုပ်ဖို့ သက်ဆိုင်ရာကို အပ်ဖို့ လိုအပ်ပါတယ်"
(ဟာဂျူလီ-ကသာ)

No comments:

Post a Comment