Tuesday, September 24, 2013

ရန်ကုန်တိုင်း ဒေသကြီး၌ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်း တစ်နေ့လျှင် ပျမ်းမျှ ၅၀၀ ကျော် အရေးယူနေရ Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီး၌ စည်းကမ်းမဲ့ မောင်းနှင်သည့် ယာဉ်မောင်း တစ်နေ့လျှင် ပျမ်းမျှ ၅၀၀ ကျော် အရေးယူနေရ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်နေ့လျှင် ပျမ်းမျှစည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်း ၅၀၀ ကျော်ကို စစ်ဆေး အရေးယူ နေသော်လည်း စည်းကမ်းလိုက်နာမှု မရှိသေးကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် လစဉ် ယာဉ်အစီးရေ ၁၅၀၀၀ ၀န်းကျင်ကို အရေးယူနေရပြီး အဆိုပါ ယာဉ်များ၏ ရာခိုင်နှုန်း ၉၀ မှာ ခရီးသည်တင် ယာဉ်များဖြစ်ကြောင်း ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ သိရသည်။

စည်းကမ်းမဲ့ ယာဉ်များကို ဖောက်ဖျက်သည့် ပြစ်မှုပေါ်မူတည်၍ ဒဏ်ငွေများနှင့် လိုင်စင်ပိတ်သိမ်းမှုများ ပြုလုပ်နေသော်လည်း စည်းကမ်းမဲ့ယာဉ်များ လျော့ကျသွားခြင်း မရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့ အနေနဲ့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်တွေကို နေ့စဉ်အဖွဲ့ ၁၀ ဖွဲ့နဲ့ စစ်ဆေးပြီး အရေးယူနေတယ်။ စည်းကမ်းမဲ့ယာဉ်တွေ လျော့ကျဖို့အတွက် ဒဏ်ငွေတိုးပြီး အရေးယူဖို့ စီစဉ်နေတယ်။ ဖေဖော်ဝါရီလက စပြီးတော့ စည်းကမ်း အရမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို အရေးယူနေတဲ့အပြင် ယာဉ်တွေကိုလည်း ၁၄ ရက် ထိန်းသိမ်းတဲ့ စီမံချက် စတင်နေပါတယ်။ ဒါပေမဲ့ လျော့ကျသွားခြင်း မရှိသေးဘူး'' ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်ရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပွားနေပြီး ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်ပွားရခြင်း အကြောင်းအရာများ အနက် တစ်ချက် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကြားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်အချ လုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။

(ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ယာဉ်ကြောပြောင်းပြန် မောင်းနှင်နေသည့် အငှားယာဉ် သုံးစီးနှင့် ခရီးသည်တင်ယာဉ် တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

No comments:

Post a Comment