Sunday, September 29, 2013

ရထားလာနေစဉ် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် လူများဖြတ်ကူးနေမှုကြောင့် သြဂုတ်လအတွင်း ရထားဖြင့် တိုက်မှုဖြစ်စဉ် ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံး


ပြည်တွင်း၌ ရထားခရီးစဉ်များ ပြေးဆွဲနေစဉ် ရထားသံလမ်းအား ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ နွားလှည်းများနှင့် လူများဖြတ်ကူးနေမှုကြောင့် သြဂုတ်လအတွင်း ရထားတိုက်မှုဖြစ်စဉ် ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်နေ့ထိ သံလမ်းပေါ်တွင် အိပ်/ထိုင်နေမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သံလမ်းပေါ်တွင် ကျောပေးလမ်းလျှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရထားပေါ်သို့ ခုန်တက်/ခုန်ဆင်းမှုကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရထားပေါ်မှ အိပ်ငိုက်ပြုတ်ကျ ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သံလမ်းဖြတ်ကူးမှုကြောင့် အမျိုးသားလေးဦး သေဆုံးခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယင်းလအတွင်း ရထားဖြင့် ကား၊ နွားလှည်းနှင့် ထော်လာဂျီတိုက်မှုဖြစ်စဉ် တစ်ကြိမ်စီနှင့် ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက "ရထားလမ်းပေါ်မှာ မူးပြီးတော့ အိပ်နေတာတွေ၊ ထိုင်နေတာတွေ ရှိတယ်။ ရထားက ဟွန်းတီးတော့လည်း မကြားဘူး။ အနီးကပ်ကျမှ သူတို့က သိတဲ့အခါ ရုတ်တရက် ထလို့မရတော့ အသက်သေဆုံးတဲ့အထိ ဖြစ်နေတယ်။ ရထားသံလမ်းတွေက အမြဲတမ်း ရထားဘီးတွေနဲ့ ပွတ်တိုက်နေတော့ သံလိုက်ဓာတ်လို လျှပ်စီးဝင်နေတတ်တယ်။ အဲဒါကြောင့် သံလမ်းမှာ ထိုင်နေတဲ့သူတွေ၊ အိပ်နေတဲ့သူတွေ ချက်ချင်းထလို့ မရဘဲ ဆွဲထားသလို ဖြစ်နေတယ်။ တချို့ကျတော့လည်း ရထားက အဝေးကြီး ရှိနေတာပဲ အနီးကျမှ ထမယ်ဆိုပြီး ထလို့မရတာတွေလည်း ရှိနေတယ်" ဟု ပြောကြားသည်။

ဆက်လက်၍ "ရထားနဲ့ ကားတွေ၊ ထော်လာဂျီ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေနဲ့ စက်ဘီးတွေကို တိုက်မိတဲ့ဖြစ်စဉ် အများစုကတော့ ရထားလာနေတာကို သိရဲ့သားနဲ့ လွတ်မယ်ဆိုပြီး ဖြတ်သွားနေတာတွေ၊ ရထားလာလို့ သံလမ်းကို ဖြတ်သန်းခွင့် ခဏပိတ်နေတဲ့ အချိန်မှာ ဇွတ်တိုးပြီးတော့ ဖြတ်မောင်းပြီး သွားနေတဲ့အတွက် မကြာခဏ တိုက်မှုတွေ ဖြစ်ပွားနေရတာပါ" ဟု ပြောကြားသည်။

ထို့ပြင် သြဂုတ်လအတွင်း ရထားဖြင့် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီး စသည့်တိုက်မှုဖြစ်စဉ် ငါးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group'

No comments:

Post a Comment