ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ပြည်မြို့တွင် စက်တင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က
လူတစ်ဦးကို မှောင်ရိပ်ခိုသည်ဟုဆိုကာ လက်ထိတ်ခတ်၍ ရိုက်နှက်ခဲ့သူ
ကင်းလှည့်ရဲတပ်သားကို ရိုက်နှက်ခံရ၍ ဒဏ်ရာရခဲ့သူက အရေးယူပေးရန် စက်တင်ဘာလ ၉
ရက်နေ့တွင် ပြည်မြို့မ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားစာ ပေးပို့ထားကြောင်း
အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိသူ ဦးတင်ဇော်က အရေးယူပေးရန် တိုင်ကြားထားသဖြင့် ရိုက်နှက်မှု
ဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ စိစစ် စုံစမ်းနေကြောင်း ပြည်မြို့
မြို့မရဲတပ်ဖွဲ့စခန်းမှူး ဦးဝင်းခိုင်က ပြောကြားသည်။
“တိုင်စာရောက်တယ်။ စခန်းက တပ်သားဖြစ်တဲ့အတွက် ကျွန်တော့်မှာ
တာဝန်အရှိဆုံးပါပဲ။ တပ်ဖွဲ့ဝင်မှားရင်လည်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ
ထိရောက်စွာ အရေးယူပါ့မယ်။ မနက်ဖြန်လောက်ဆို အဖြေသိရပါပြီ” ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ ညက ဦးတင်ဇော် အလုပ်မှပြန်လာစဉ် နဝဒေး ရပ်ကွက်တွင်
မှောင်ရိပ်ခိုသည်ဟုဆိုကာ တာဝန်ကျ လှည့်ကင်းရဲများက စခန်းလိုက်ခဲ့ရန်
ပြောဆိုသည်ကို ငြင်းဆန်ခဲ့သဖြင့် ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကာ
ထိုးကြိတ်ခဲ့ကြောင်း၊ ပြန်လည်ကာကွယ် သော်လည်း လက်ထိတ်ခတ်၍ နံပါတ်တုတ်ဖြင့်
ရိုက်နှက်ကာ စခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဦးတင်ဇော်၏ တိုင်ကြားစာအရ
သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နဝဒေးရပ်ကွက် ရာအိမ်မှူး
ဦးအောင်သိန်းနှင့် ဇနီးဖြစ်သူကို တာဝန်ယူ ခံဝန်လက်မှတ် ရေးထိုးစေကာ
ဦးတင်ဇော်ကို ဒဏ်ငွေတစ်သောင်း လာရောက် ပေးဆောင်စေရန် ပြောဆိုပြီး ပြန်လွှတ်
ပေးလိုက်ပြီးနောက် ဆေးခန်းသို့ သွားရောက် ပြသရာ ဒဏ်ရာများ၍ ဆေးရုံကြီးသို့
ပြသရန် ဆရာဝန်က ပြောဆိုသည့်အတွက် စက်တင်ဘာလ ၇ ရက်နေ့ နံနက်တွင်
ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသနေရကြောင်း တိုင်ကြားစာတွင်
ဖော်ပြပါရှိသည်။
လက်ရှိတွင် ခေါင်းပေါက်ဖူးရောင် ဒဏ်ရာများဖြင့်
ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသူ ဦးတင်ဇော်မှာ ခေါင်းတွင် ငါးချက်
အချုပ်ခံထားရကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွင်က ပြောကြားသည်။
ဦးတင်ဇော်ကို ရိုက်နှက်ခဲ့သည့် ရဲတပ်သားဖြစ်သူမှာ ဆေးရုံတက်နေချိန်တွင်
လာရောက် သတင်းမေးကာ မုန့်ဖိုးငွေ ၅၀၀၀ ကျပ် ပေးခဲ့သော်လည်း
ငြင်းဆန်ခဲ့သည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) အတွင်း ပန်းတောင်းမြို့နယ်တွင်လည်း မေလ ၂၃ ရက်နေ့က
အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသော အချုပ်သားတစ်ဦး
ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အတွက် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) က
သြဂုတ်လ ၁၂ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment