Friday, September 13, 2013

ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် ၀င်းသူဇာ အရောင်းဆိုင် ၁၉ ဆိုင်ရှိပြီး ထပ်မံငှားရမ်းမည့် ဆိုင်များအတွက် ငှားရမ်းခွင့်သက်တမ်း ၁၀ နှစ်အထိ ရရှိမည် Eleven Media Group


ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် ၀င်းသူဇာအရောင်းဆိုင် ၁၉ ဆိုင်ရှိပြီး ထပ်မံငှားရမ်းခွင့်ပြုမည့် ဆိုင်များအတွက် ငှားရမ်းခွင့် သက်တမ်းမှာ ၁၀ နှစ်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာန အနေဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပါအ၀င် မြို့ ၂၆ မြို့ရှိ ၀င်းသူဇာအရောင်းဆိုင် ၃၈ ဆိုင်ကို ငှားရမ်းရန်အတွက် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လျှောက်ထားရန် စက်တင်ဘာ ပထမပတ်မှစ၍ ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အိတ်ဖွင့်တင်ဒါစနစ်နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ အရင်က ပုဂ္ဂလိကကို ငှားရမ်းပေးထားတဲ့ အရောင်းဆိုင် ၁၉ ဆိုင် ရှိပါတယ်။ အခုထပ်ပြီး ငှားရမ်းဖို့ ဖိတ်ခေါ်တဲ့ ဆိုင်တွေအတွက် ငှားရမ်းခွင့် သက်တမ်းက ၁၀ နှစ်အထိ ပေးထားမှာပါ။ တစ်နှစ်တစ်ကြိမ် ဈေးနှုန်းညှိနှိုင်းပြီး စာချုပ်ချုပ် ငှားရမ်းသွားမှာပါ" ဟု စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

ယခု ထပ်မံငှားရမ်းခွင့်ပြုရန် ဖိတ်ခေါ်ထားသည့်ဆိုင်များ တည်ရှိရာ မြို့များမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ကျောက်ဆည်၊ အောင်လံ၊ ညောင်ဦး၊ မော်လမြိုင်၊ ပြည်၊ ဆားလင်းကြီး၊ မြိုင်၊ ရေစကြို၊ ရမည်းသင်း၊ ပွင့်ဖြူ၊ မြင်းခြံ၊ ယင်းမာပင်၊ ပခုက္ကူ၊ ပျော်ဘွယ်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဂန့်ဂေါ၊ ဘားအံ၊ မုံရွာ၊ ဆော၊ ကညွတ်ကွင်းနှင့် အမ်းမြို့တို့ဖြစ်ပြီး ငှားရမ်းလုပ်ကိုင်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အနေဖြင့် စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၇ တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖွင့်လှစ်ထားသည့် ၀င်းသူဇာအရောင်းဆိုင် စုစုပေါင်း ၇၈ ဆိုင်ရှိပြီး ယခုထပ်မံ ငှားရမ်းခွင့်ပြုမည့် ဆိုင်များအပြင် ၂၀၁၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့်ဆိုင် ၁၁ ဆိုင်ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ထပ်မံငှားရမ်း သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

(တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းနှင့် သစ္စာလမ်းမကြီးထောင့်ရှိ ယခင်ဝင်းသူဇာ အရောင်းဆိုင်အား ငှားရမ်းဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်))

No comments:

Post a Comment