Monday, June 17, 2013

မမျှော်မှန်းနိုင်သော အန္တရာယ်များကြောင့် မလေးရှားရောက် မြန်မာလုပ်သားများ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ ရန်ကုန် ၊ ၁၇-၆-၂၀၁၃


၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားသော ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်းတွင် မလေးရှား ၌ မြန်မာ လုပ်သားများ ဆက်တိုက် အသတ်ခံ ရမှုကြောင့် ယမန်နေ့က လေကြောင်း ခရီးဖြင့် မြန်မာ ရွှေ့ပြောင်း လုပ်သား အမျိုးသား ၈၅ ဦး ၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၉၄ ဦး ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

" အဖမ်းခံရတာ လူကိုးရာ ဆိုရင် မြန်မာက ခုနှစ်ရာ လောက်ရှိတယ် ၊ သူတို့က စကား နည်းမလည်လည်း ရိုက်တာပဲ ၊ မြန်မာတွေဆို တော်တော် နှိမ်တယ် ... " ဟု အဖမ်းခံရပြီး ထောင်သုံးလ ကျခံခဲ့ရသူ ကိုထွန်းထွန်း က ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာ အရပ်သားများ ဖြစ်သော ထိုင်းနိုင်ငံတွင် ညှင်းပန်း နှိပ်စက် ခံရမှု ၊ အင်ဒိုနီးရှား နိုင်ငံရှိ အကျဉ်းထောင် တစ်ခုတွင် ငါးဖမ်း လုပ်သားများ အသတ်ခံ ရမှုအပြင် မလေးရှား နိုင်ငံတွင် မြန်မာ လုပ်သားများ အဆက်မပြတ် အသတ်ခံ နေရမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

မြန်မာပြည်တွင် ဖြစ်ပေါ် ခဲ့သော ပဋိပက္ခများကို နိုင်ငံတကာ အသိုက်အ၀န်း အနေဖြင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာများ ပြုလုပ်ပေးရန် တောင်းဆို ခဲ့ကြကြောင်း သိရှိရသည်။

မလေးရှားရောက် မြန်မာ လုပ်သား များကို မလေးရှား ရဲတပ်ဖွဲ့ဝင် များအနေဖြင့် ကြမ်းတမ်းစွာ ကိုင်တွယ်မှုများ ပြုလုပ်ပြီး ဘာကြောင့် ရိုက်တယ် ဆိုတာလည်း မသိပါကြောင်း မြန်မာနိုင်ငံ (တောင်ပိုင်း) မြိတ်မြို့မှ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးသည့် မောင်ရဲနိုင်လင်း က ပြောကြား ခဲ့သည်။

မလေးရှားရောက် မြန်မာ လုပ်သားများ အနေဖြင့် မလေးရှား နိုင်ငံ၏ ဥပဒေအရ ပြင်းထန်စွာ အရေးယူ ခံရသည့် အပြင် ရိုက်နှိက် ခံရကြောင်း မလေးရှားပြန် မြန်မာ လုပ်သားများက ပြောကြား ခဲ့သည်။

မလေးရှားရောက် မြန်မာလုပ်သား များတွင် တရားမ၀င် အလုပ်သမား များကများပြီး အဆိုပါ အလုပ်သမား များမှာ မလေးရှားပြန် အလုပ်သမား များနှင့် မလေးရှားရှိ စက်ရုံပိုင်ရှင်များ ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်း ၊ အိမ်နီးချင်း များက ခေါ်ယူ အလုပ်သွင်း ပေးခြင်းများ ကြောင့် တရားမ၀င် အလုပ်သမား ဘ၀ ရောက်ကြရပြီး ယခုကဲ့သို့ ဒုက္ခရောက် ရခြင်း ဖြစ်ကြောင်း တရားဝင် အလုပ်သမား ပို့ပေးသော ကုမ္ပဏီ တစ်ခုက ပြောကြား ခဲ့သည်။

ထို့အပြင် ပြည်ပနိုင်ငံ အများအပြား သို့ သွားရောက် လုပ်ကိုင် ကြသော မြန်မာ လုပ်သားများမှာ ကုမ္ပဏီများမှ အကြွေး စနစ်ဖြင့် ပို့ပေးခြင်း ၊ အရစ်ကျ စနစ်ဖြင့် ပို့ပေးခြင်း ၊ စာချုပ်များ ချုပ်ဆို ထားရခြင်း များကြောင့် အမိနိုင်ငံသို့ ပြန်ချင် သော်လည်း မပြန်နိုင် ကြကြောင်း သိရသည်။

ယခု ဖြစ်ပေါ်နေသော ပြည်ပရောက် အလုပ်သမား များ၏ ပြဿနာများကို ဖြေရှင်းရန် ကြိုတင် ကာကွယ်ပေးမှု နှင့် ပံ့ပိုးမှုများကို စီစဉ် လုပ်ဆောင်ရန် လိုအပ်ပြီး အခက်အခဲ ပြဿနာ များဖြစ်ပေါ် လာပါက ကူညီ ဖြေရှင်း နိုင်သော နည်းလမ်းများ နှင့် အကူအညီ ရနိုင်သော နေရာများကို ကြိုတင် အသိပေး ထားသင့်ပြီး အလုပ်သမား များအနေဖြင့် လည်း အာမခံရှိသော ကုမ္ပဏီ များနှင့်သာ ချိတ်ဆက်၍ သွားရောက် အလုပ်လုပ်ကိုင် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာ ရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံ တွင် လေးသန်းခန့် ၊ မလေးရှား နိုင်ငံတွင် ငါးသိန်းဝန်းကျင် နှင့် စင်ကာပူ တွင် သောင်းဂဏန်း ရှိပြီး ဒူဘိုင်း ၊ ကိုရီးယား ၊ ဂျပန်နှင့် ဂျော်ဒန် နိုင်ငံများတွင် ထောင်ဂဏ်န်း ရှိကြောင်း ခန့်မှန်း တွက်ချက် ထားမှုများ အရ သိရသည်။

မလေးရှား နိုင်ငံမှ ပြန်လည် ရောက်ရှိ လာသော အလုပ်သမား များကို ပြည်တွင်း လုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးတေဇ ထူထောင် ထားသည့် ထူးဖောင်ဒေးရှင်း မှ အလုပ်အကိုင် များ ဖန်တီး ပေးသွားမည် ဟု သိရှိရသည်။

No comments:

Post a Comment