Monday, June 3, 2013

မလေးရှားရောက် မြန်မာများ ဆက်တိုက် အကြမ်းဖက်ခံရ ရန်ကုန်၊ ဇွန် ၂

တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိသည့် မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ယခုရက်ပိုင်း အတွင်း သုံးကြိမ် ဆက်တိုက် လူအုပ်စုဖွဲ့ အကြမ်းဖက်မှု ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အသတ်ခံရသည်ဟု ဆိုသည့် သတင်းများနှင့် ပတ်သက်၍ သံအမတ်ကြီး ဦးတင်လတ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားသည်။

ကွာလာလမ်ပူ မြို့တော်ရှိ ဟင်းသီးဟင်းရွက် ဈေးတစ်ခုဖြစ်သော ဆာလာယန်းတွင် မေလ ၃၀ ရက်နေ့က ဈေးရောင်းပြီး ပြန်လာသည့် မြန်မာလုပ်သားတစ်ဦးကို အမည်မသိ လူအုပ်စု တစ်စုက တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရပြီး မေလ ၃၁ ရက်နေ့ ည ၁၀နာရီ ကလည်း ယင်းကဲ့သို့ အလားတူ အကြမ်းဖက်ခံ ခဲ့ရကြောင်း၊ မေလ ၃၁ ရက်နေ့က ဆာလာယန်း အနောက်ဘက်ရှိ မြန်မာများ နေထိုင်သည့် နေရာကို ဝင်ရောက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာသံအမတ်က သေဆုံးမှု ရှိမရှိ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်များကြောင့် မြန်မာ လုပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ အသင်းက ဦးစီး သဂြုင်္ိဟ်ရန် ပြင်ဆင်နေကြောင်း ဆာလာယန်းရှိ ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက The Voice သို့ ပြောဆိုသည်။

“သဂြုင်္ိဟ်ဖို့ သံရုံးကို ခွင့်ပြုချက် တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။

ယင်း နှစ်ဦးလုံးသည် လည်ပင်းဖြတ် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က မြန်မာလေးဦး ထပ်မံ ရိုက်နှက် ခံခဲ့ရရာ တစ်ဦးမှာ ဦးခေါင်း ဒဏ်ရာဖြင့် စိုးရိမ်ရပြီး ကျန်နှစ်ဦးကို အတွင်းလူနာ အဖြစ် ကုသနေရကြောင်း ဦးဆန်းဝင်းက ရှင်းပြသည်။

ဆာလာယန်းတွင် ဆက်တိုက် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု များကြောင့် မြန်မာလုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ကိုးဦးမှာ အထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကုသ နေရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အကြမ်းဖက်မှု များကြောင့် ကပုန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် မြန်မာလုပ်သား ၃၀ ကျော် ပြောင်းရွှေ့ ခိုလှုံလျက် ရှိပြီး ယင်းနေရာကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး ပေးထားကြောင်း မြန်မာသံအမတ် ဦးတင်လတ်က ပြောကြားသည်။

အကြမ်းဖက်မှု များကြောင့် ဆာလာယန်း အနီးတွင် အလုပ် လုပ်နေသည့် မြန်မာလုပ်သား ၅၀၀ ခန့် တိမ်းရှောင် နေကြပြီး အချို့ ပြန်လာလိုသော်လည်း နိုင်ငံကူးလက်မှတ် မရှိသဖြင့် အခက်အခဲ ဖြစ်နေ ကြောင်း ဦးဆန်းဝင်းက ဆို သည်။

“လားရှိုးမှာ ပြဿနာ ဖြစ်ပြီး ကတည်းက နေရတာ မလုံခြုံတော့ဘူး။ အမြဲတမ်းသတိထားနေရတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမား တစ်ဦးက The Voice သို့ ပြောကြားသည်။

ဆာလာယန်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု အပါအဝင် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်သော နေရာ ဖြစ်ပြီး မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိရောက်စွာ ကိုင်တွယ်နိုင်မှု မရှိသည့် နေရာ ဖြစ်ကြောင်း ဦးတင်လတ်က ဆိုသည်။

ဆာလာယန်းတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများမှာ ဘာသာရေးကို အခြေခံခြင်း မဟုတ်ဘဲ ဒုစရိုက်မှုများ ဖြစ်ပွားလေ့ ရှိသည့် နေရာဖြစ်၍ မြန်မာလုပ်သားများ အနေနှင့် အချိန်မတော် အပြင်မထွက် သင့်ကြောင်း ဦးတင်လတ်က တိုက်တွန်းသည်။

No comments:

Post a Comment