Tuesday, June 18, 2013

ဖားနှင့်မှိုချက်စား၍ လူနှင့်ခွေးများသေဆုံး


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ဖ ကျေးရွာအုပ်စု၌ လွယ် တိုင်းရင်းသားများ နေထိုင်သည့် ဝမ်ခမ်း မိုင်ရွာတွင် တောင်ယာလုပ်ကိုင်ရာ မှ တွေ့ရှိသော မှိုများကို ဖားနှင့် ရောနှော ချက်ပြုတ် စားသောက်ရာမှ ကလေးနှစ်ဦး အပါအဝင် လူငါးဦးနှင့် ခွေးလေးကောင် သေဆုံးသွားကြောင်း အဆိုပါ ကျေးရွာခံများထံမှ သိရသည်။

"ဆေးရုံကို ဇွန် ၉ ရက်က မှိုစားလို့ မူးမော်ပြီး အန်နေတဲ့ လူနာရှစ်ဦး ရောက် လာတယ်။ ဇွန် ၁၁ ရက်မှာ အသက် ခုနစ်နှစ်အရွယ် မောင်အိုက်ဆန်းနဲ့ ဇွန် ၁၄ ရက် မှာ အသက် ၁၄ နှစ်အရွယ် နန်းအွေစွတ်တို့ ဆုံးသွားတယ်" ဟု ကျိုင်းတုံ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာရဲကျော်စီက The Voice သို့ ပြောကြားသည်။

အဆိုပါ လူနာရှစ်ဦးအနက် လူနာ သုံးဦးသည် ဆေးရုံ၌ ဆက်လက် ကုသနေပြီး သေဆုံးသွားသူ သုံးဦးမှာ ဇွန် ၁၄ ရက်က မိမိဆန္ဒ အလျောက် ဆေးရုံမှ ဆင်းသွားသူများဖြစ်ကြောင်းနှင့် သေဆုံးသွားသူများ မှာ မှို အမျိုးအစား ရှစ်မျိုးအနက် ကြောက်စရာ အကောင်းဆုံး Amatoxin-type အမျိုး အစား Amanita Phalloides ကြောင့် အသည်းနှင့် ကျောက်ကပ်များ ပျက်စီးသွားခြင်းကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ဇွန် ၁၄ ရက်မှာ ဆေးရုံက ဆင်းလာတဲ့သူ သုံးဦးထဲက ရွာရောက်တော့ နှစ်ဦး ဆုံးပြီး နောက်နေ့ ဇွန် ၁၅ ရက်မှာ တစ်ဦး ဆုံးသွား တယ်။ ဖြစ်တဲ့နေ့က သူတို့ အန်ဖတ်တွေစားတဲ့ ခွေးလေးကောင်ပါ သေသွား တယ်" ဟု ဝမ်ခမ်းမိုင် ရွာသူကြီး ဦးနန်သန်းက ဆိုသည်။

မှိုစားရာမှ ဆေးရုံ၌ လူနာနှစ်ဦး သေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ကျန် လူနာ သုံးဦးမှာ ၎င်းတို့ ကျေးရွာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဥာဏ်မင်းထွန်းက The Voice သို့ အတည်ပြု ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဝန်းကျင်ကလည်း ယင်းကဲ့သို့ မှိုစားသုံးရာမှ တပ်မတော် အရာရှိ နှစ်ဦးနှင့် ရဲတပ်သား အချို့ သေဆုံးခဲ့ကြောင်း ကျိုင်းတုံဆေးရုံကြီး အသိုင်းအဝိုင်းထံမှ သိရပြီး ယခု သေဆုံးသူ ငါးဦးတွင် အိုက်ဆိုက်သောင်း ၅၈ နှစ်၊ အီအမ်း ၅၇ နှစ်၊ နန်းအွေစွတ် ၁၄ နှစ်နှင့် အိုက်ဆန်း ခုနစ်နှစ်တို့ မိသားစုဝင် လေးဦးလုံး သေဆုံးသွားကြောင်းနှင့် နန်အိုက်ဝန်း ၄၅ နှစ်ခန့် (သေဆုံး) မိသားစုမှာ ဆေးရုံ၌ ဇနီး၊ သမီးနှင့် ညီတို့ ကုသနေဆဲဖြစ်ကြောင်း ယင်းမြို့ ဆေးရုံထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment