Tuesday, September 10, 2013

အမေရိကန်ပညာရှင်အဖွဲ့ ပညာရေးဝန်ထမ်းများကို ပထမဆုံး ရက်ရှည်သင်တန်းပို့ချမည် ရန်ကုန်၊ စက်တင်ဘာ ၉

အမေရိကန်အခြေစိုက် နိုင်ငံတကာ အစိုးရများ၊ ပညာရေး သုတေသနပညာရှင် များနှင့် ဖွဲ့စည်းထားသော IIE (Institute of International Education) က မြန်မာနိုင်ငံမှ တက္ကသိုလ် ပါမောက္ခများနှင့် ပညာရေး ဝန်ထမ်းများကို အောက်တိုဘာလမှ စတင်ကာ ငါးလသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း IIE အဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါသင်တန်းသည် IIE ၏ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စီမံကိန်းသစ်ဖြစ်ပြီး အစိုးရ အရာရှိများနှင့် တက္ကသိုလ်ကိုယ်စားလှယ် များအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသင်တန်းပြီးဆုံးပါက မြန်မာ့တက္ကသိုလ်များနှင့် အမေရိကန်တက္ကသိုလ်များ အချိတ်အဆက် ပိုမိုကောင်းလာမည်ဖြစ်ပြီး အခြားနိုင်ငံတကာ တက္ကသိုလ်များနှင့်လည်း ရင်းနှီးမှု ပိုမို ရရှိလာနိုင်ကြောင်း၊ ယင်းအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုစီမံခန့်ခွဲ တတ်နိုင်မည် ဖြစ်ကြောင်း IIE ထုတ်ပြန် ချက်အရ သိရသည်။

ငါးလကြာ ရက်ရှည်သင်တန်းတွင် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပါမောက္ခများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖလှယ်ရေး အစီအစဉ်၊ ယဉ်ကျေးမှု ကူးလူးဆက်ဆံရေး အစီအစဉ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် မိတ်ဖက်ဆောင်ရွက်ခြင်း တို့ကို သင်ကြားပေးရန် စီစဉ်ထားသည်။

ပထမအကြိမ်စတင်သည့် IIE ၏ စီမံချက်များကို Henry Luce Foundation က ပံ့ပိုးပေးထားပြီး Rutgers University ၊ The State University of New Jersy ၊ Northern Arizona University ၊ Monterey Institute of International Studies နှင့် Knowledge Platform တို့က မိတ်ဆက်အဖွဲ့အစည်း အဖြစ် ပါဝင်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက အမေရိကန် တက္ကသိုလ်အဖွဲ့နှင့် IIE ကိုယ်စားလှယ်အဖွဲ့ လာရောက်စဉ် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်း ပြီးနောက် ယင်းစီမံချက်ကို ပထမဆုံး စတင်ခဲ့ခြင်း ဖြစ်ကြောင်း IIE ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment