Sunday, September 1, 2013

လွှတ်တော်အမတ် နုတ်ထွက်ရန် ဆန္ဒထုတ်ဖော်သူများ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ခံရ ပြည်၊ သြဂုတ် ၃၁ The Voice Weekly

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် သြဂုတ်လ၂၈ ရက်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာမြဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပေးရန် ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသူ သုံးဦးကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် ပေါင်းတည် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံထားရသူများက ပြောကြားသည်။

တရားဝင် ခွင့်ပြုမိန့်ရရှိရန် သြဂုတ်လ ၂၃ ရက်နေ့က ဦးဆောင်လက်မှတ်ထိုး၍ မြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ စာတင်ခဲ့သူ ဦးစောနိုင်၊ ဦးကျော်ကျော်လွင်နှင့် ဦးရဲကျော်နိုင်တို့ကို အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်း ခွင့်ပြုချက် မရရှိသည့် အကြောင်းကြားစာတွင် သက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသူ ဦးခင်မောင်လှိုင်က ပြောကြားသည်။

နံနက် ၉ နာရီခန့် ပေါင်းတည် ရဲတပ်ဖွဲ့စခန်းက ဦးဆောင်သူ သုံးဦးကို ခေါ်ယူတွေ့ဆုံကာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် ပုဒ်မ-၁၈ ဖြင့်တရားစွဲထားကြောင်း အမှုဖွင့်ခံထားရသည့် ဦးစောနိုင်က ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးက လူမှုအဖွဲ့အစည်း တစ်ခု ဖြစ်သည့် ပေါင်းတည် ကုသိုလ်ဖြစ်ဆေးခန်းကို စွပ်စွဲပြောဆိုခြင်းအပေါ် မကျေနပ်ကြသည့် မြို့ခံအင်အား ၅၀ ကျော်က သြဂုတ်လ ၂၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment