Monday, June 3, 2013

ပင်စင်ခံစားခွင့်များပါသည့် လူမှုဖူလုံရေးဥပဒေသစ် ယခုနှစ်ကုန် စတင်မည်

ပင်စင်ခံစားခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်များ ပါဝင်သည့် လူမှုဖူလုံရေး ဥပဒေသစ်ကို ယခုနှစ် ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော် မည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင် က ပြောကြားသည်။

ယင်းဥပဒေသစ်အရ လူမှုဖူလုံရေးကတ်များကို စက္ကူကတ် အစား Smart Card အဖြစ်ပြောင်းကာ အသုံးပြုသွားမည် ဖြစ်ပြီး ယင်းစနစ်ဖြင့် လုပ်ဆောင်ရန် ကနဦးလုပ်ငန်းစဉ် ဖြစ်သည့် အလုပ်သမား များ၏ ကိုယ်ရေးအချက်အလက် ထည့်သွင်းခြင်း(Data Entry Project) စတင်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိုယ်ရေးအချက်အလက် များကို ကွန်ပျူတာပရိုဂရမ် အတွင်းသို့ ဇွန်လ ၃ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး လေးလခန့် ကြာမြင့် မည် ဖြစ်ကြောင်း၊ ကတ်ထုတ်ပေးမှု၊ အခြားလုပ်ငန်းစဉ်များ ဆက်တိုက် ပြုလုပ်မည် ဖြစ်ပြီး ယခု နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောကြားသည်။

လူမှုဖူလုံရေး ထည့်သွင်းသည့် လုပ်သားများကို ဆေးကုသခွင့် ရရန် ပုဂ္ဂလိက ဆေးရုံ ၁၂ ရုံက ကမ်းလှမ်းထားကြောင်း လူမှုဖူလုံရေး အဖွဲ့ထံမှ သိရှိရသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေတွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံ၊ အလုပ် လုပ်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် အာမခံ၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ ပင်စင် အကျိုးခံစားခွင့် အာမခံ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်၊ အခြားလူမှုဖူလုံရေးစနစ် (အိမ်ရာစီမံကိန်းများ) ပါဝင်သည်။

ယင်းဥပဒေအရ လူမှုဖူလုံရေးကြေး မထည့်သွင်းခြင်း၊ လုပ်သား ဦးရေ လျှော့ပြခြင်း၊ ရရှိသည့် လစာကို လိမ်လည် ဖော်ပြသည့် အလုပ်ရှင်များသည် အလုပ်သမားကို ဥပဒေနှင့်အညီ ပေးလျော်ရမည့်အပြင် လူမှုဖူလုံရေး ထည့်သွင်းကြေးနှင့် ထည့်သွင်းရန် ပျက်ကွက်ကြေးများကို မသွင်းပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ခုလုံးကို ဖြစ်စေ ချမှတ်နိုင်သည်။

လူမှုဖူလုံရေးအတွက် စစ်ဆေးရေး များလာစဉ် လုပ်သား ဦးရေကို လျှော့ချ၍ ပြပြီး လူမှုဖူလုံရေး ဥပဒေပါ သတ်မှတ်ထားသည့် လူဦးရေ မပြည့်ဟုဆိုကာ လူမှုဖူလုံရေးကတ် မထုတ်ပေးကြောင်း တာမွေမြို့နယ် ရွှေလုပ်ငန်း အခြေခံအလုပ်သမား အဖွဲ့အစည်းမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ထည့်သွင်းသည့် အလုပ်သမား ၆၄၀,၀၀၀ ကျော်ရှိသည်။

No comments:

Post a Comment