Sunday, June 2, 2013

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ပထမနေ့၌ပင် အလုပ်လျှောက်သူ တစ်သောင်းကျော်ရှိပြီး အရည်အချင်း ကိုက်ညီပါက ချက်ချင်း အလုပ်ခန့်ပေး Eleven Created on Sunday, 02 June 2013 03:19


တတိယအကြိမ် ကျင်းပပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ ၁၀ ခု အပါအ၀င် ပြည်တွင်းကုမ္ပဏီပေါင်း ၇၅ ခုတို့မှ ပါဝင်ပြသခဲ့ပြီး ပြခန်းပေါင်း ၁၂၁ ခန်း ပါဝင်ခဲ့ကာ ပထမဆုံးနေ့တွင်ပင် လာရောက်ကြည့်ရှု လျှောက်ထားသူဦးရေ တစ်သောင်းကျော်ခန့် ရှိကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းစိုး၏ ပြောပြချက်အရ သိရသည်။

ပြပွဲကို မေ ၃၁ ရက်မှ ဇွန် ၂ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည် ဖြစ်သည်။

နိုင်ငံခြားမှ လာရောက် အလုပ်ခေါ်ယူသည့် ကုမ္ပဏီများမှာ Unilever, Digicel, DKSH, Huawei, ZTE စသည့် နာမည်ကြီး ကုမ္ပဏီများဖြစ်ပြီး ပြည်တွင်းရှိ ထူးအုပ်စု၊ ရွှေသံလွင်၊ ရွှေတောင်၊ ဧရာဝတီဘဏ် စသည့် ကုမ္ပဏီများမှလည်း အလုပ်ခေါ်ယူလျက် ရှိကြောင်း သိရသည်။

"အလုပ်ရှာသူနဲ့ ကုမ္ပဏီတွေ တိုက်ရိုက်ဆုံပေးတော့ အချိန်၊ လူ၊ ငွေ သက်သာတယ်။ အလုပ်ရှာနေတဲ့ သူကလည်း ကုမ္ပဏီအများကြီး ရွေးချယ်နိုင်တယ်။ ဒီပြပွဲမှာ ထူးခြားချက်အနေနဲ့ အကြံပြု ဆွေးနွေးခန်းတွေ ထည့်ပေးထားတယ်။ အလုပ်တစ်ခါတည်းလျှောက်ပြီး အင်တာဗျူးပြီးတော့ အလုပ်ရှင်က အရည်အချင်းကိုက်ညီရင် တစ်ခါတည်း ခန့်ပေးတယ်" ဟု ၎င်းကဆိုသည်။

ပြပွဲကို မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment