Monday, June 17, 2013

ဗလီများအတွင်း အချိန်မရွေး လွတ်လပ်စွာ ဝင်လေ့လာရန် ဖိတ်ခေါ် ရန်ကုန်၊ ဇွန် ၁၆


ပဋိပက္ခများ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတွင် ဘာသာနှစ်ခုကြား သံသယ ကင်းရှင်းရန် ရည်ရွယ်၍ ဗလီများအတွင်း အချိန်မရွေး ဝင်ရောက် လေ့လာခွင့်ရှိပြီး လာရောက် လေ့လာရန် ဖိတ်ခေါ်ကြောင်း ရန်ကုန်မြို့ရှိ CS အာရ်တီ (ဗိုလ်အောင်ကျော်ဗလီ)ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားသည်။

ဇွန်လ၁၆ရက်နေ့က ဗိုလ်အောင်ကျော်လမ်းရှိ CS အာရ်တီ ဗလီ၌ ကျင်းပသော ပွင့်လင်းမြင်သာမှု အတွက် ဘာသာရေး ဓလေ့စရိုက်များ
လေ့လာခြင်း အစီအစဉ်နှင့် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အရင်ကတည်းက ဘယ်သူမဆို ဝင်ရောက် လေ့လာခွင့်ရှိတယ်။ ဒီလိုဝင်ရောက် လေ့လာလိုက်လို့ အမြင်တွေ ရှင်းသွားမယ်။ အဲဒါဆိုရင် သံသယတွေ ကင်းသွားမယ”ဟု ၎င်းကဆိုသည်။

ဘာသာနှစ်ခု၏ သက်ဆိုင်ရာ ဘာသာရေး ဓလေ့စရိုက်နှင့် ဘာသာရေး အဆောက်အအုံများကို အပြန်အလှန် လေ့လာနိုင်ရန် စီစဉ်ထားသဖြင့် လာမည့် သီတင်းပတ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း တစ်ကျောင်း၌ ထိုကဲ့သို့ ဖလှယ်ပွဲကို လုပ်ဆောင်သွားရန် ရှိကြောင်း အဆိုပါပွဲ ဦးဆောင် ကျင်းပသော Pray For Myanmar မှ ကိုမျိုးသက်ဇော်ဝင်းက
ပြောကြားသည်။

“လက်ရှိအနေအထားရ ကောလာဟလတွေ များနေတဲ့အတွက် ဝင်ရောက် လေ့လာသင့်ပါတယ်။ ဘာသာနှစ်ခု ညီညွတ်တယ်ဆိုတာ ကမ္ဘာက သိအောင် ပြရမယ်”ဟုယင်းပွဲကို တက်ရောက်လာသော
ရွှေဝါရောင် ပညာဒါနမှ ဆရာတော် ဦးပဏ္ဍဝံသက မိန့်ဆိုသည်။

ယခုကဲ့သို့ တိုက်ရိုက် လေ့လာခြင်းအားဖြင့် သံသယများ ရှင်းသွားပြီး ဘာသာအချင်းချင်း ပွင့်လင်းမြင်သာမှု ရှိလာမည် ဖြစ်ကြောင်း အဆိုပါပွဲကို လာရောက်လေ့လာသူ အလုံမြို့နယ်တွင် နေထိုင်သည့် ကိုထွန်းထွန်းလင်းက ပြောကြားသည်။

ဘာသာအချင်းချင်း လေ့လာနိုင်ရန်နှင့် ပွင့်လင်းမြင်သာပြီး သံသယ ကင်းရှင်းစေရန် ရည်ရွယ်၍ ဘာသာ ဓလေ့စရိုက်များဆိုင်ရာ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲများကို သက်ဆိုင်ရာ ဘာသာရေး အဆောက်အအုံများတွင် နှစ်လအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း Pray For Myanmar အဖွဲ့ထံမှ သိရသည်။

အဆိုပါ Pray For Myanmar အဖွဲ့ကို မတ်လတွင်း ဖြစ်ပွားသော မိတ္ထီလာ ပဋိပက္ခများ အပြီး မဇ္ဈိမ၊ ပန်းပျိုးလက်၊ COMREG၊ ရွှေပြည်သာ ကဗျာချစ်သူများအဖွဲ၊ PEACE MACHINE၊ MMYEP ဟူသော လူမှုရေး အဖွဲ့များဖြင့် ဖွဲ့စည်းခဲ့ကာ ပထမဆုံး လှုပ်ရှားမှုအဖြစ် ဘာသာအချင်းချင်း အဓိကရုဏ်း မဖြစ်စေရန် စတစ်ကာများ ကပ်၍ စုပေါင်း လှုံ့ဆော်ခဲ့သည်။

No comments:

Post a Comment