Monday, June 3, 2013

လေပြင်းတိုက်ခတ်မှုကြောင့် တောင်ငူသို့ ငှက်ပျောသီးအဝင်နည်း တောင်ငူ၊ ဇွန် ၂

ကရင်ပြည်နယ်ရှိ ငှက်ပျောခြံ များတွင် မေလအတွင်း လေပြင်းတိုက်ခတ်မှု ဒဏ်ကြောင့် အထွက်နှုန်း လျော့နည်းကာ တောင်ငူ ဈေးကွက်သို့ ငှက်ပျောအဝင် နည်းခဲ့ကြောင်း တောင်ငူမြို့ အခြေစိုက် ငှက်ပျောပွဲရုံ ပိုင်ရှင်နှင့် ဒေသခံ တောင်သူများထံမှ သိရှိရသည်။

ယခင်နှစ်များက မေလ နောက်ဆုံးပတ်မှ ဇွန်လဆန်းပိုင်းသည် ငှက်ပျော ဖြိုင်ဖြိုင်ဝင်သည့် ကာလ ဖြစ်သော်လည်း ယခုနှစ်တွင်လေပြင်းဒဏ်ကြောင့် ငှက်ပျောပင်များ လဲကျ သေဆုံးသဖြင့် ငှက်ပျောထွက်ရှိမှု နည်း ပါးခြင်း ဖြစ်ကြောင်း တောင်ငူမြို့နယ် ညောင်ပင်လေးဈေး ကုန်စိမ်းပွဲရုံမှ
ငှက်ပျောရောင်းဝယ်ရေး လုပ်ကိုင်သူ ဒေါ်နွဲ့က ပြောကြားသည်။

“ငှက်ပျောက ကဆုန်လကနေ တန်ဆောင်မုန်းလအထိ ဖြိုင်ဖြိုင် ထွက်ပြီ။ ဒီနှစ် လေပြင်းထိတော့ အပင်တွေလဲပြီး အထွက် နည်းတယ်။ပုံမှန် တစ်နေ့အဖီး သုံးထောင် လောက် တောင်ငူကို နေ့စဉ် ပို့နိုင်တယ်” ဟု ကရင်ပြည်နယ် လိပ်သိုလ်မြို့ သံမိုးတောင် ကျေးရွာမှ ငှက်ပျော စိုက် တောင်သူတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်ရှိ လိပ်သိုလ် ဘောကလိ မြို့နယ်ခွဲ ကျေးရွာများတွင် ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြပြီး နှစ်စဉ် ဇွန်လဆန်းပိုင်းသည် ငှက်ပျော ဖြိုင်ဖြိုင် ဝင်ရောက်ကာ ဝါဆို၊ ဝါခေါင်လများသည် ငှက်ပျော အရောင်း အဝယ်အသွက်ဆုံး ကာလဖြစ်ကြောင်း တောင်ငူမြို့နယ် ညောင်ပင်လေးဈေး ကုန်စိမ်းပွဲရုံမှ ငှက်ပျော ရောင်းဝယ်ရေး လုပ်ကိုင်သူ ဒေါ်နွဲ့က ဆိုသည်။

လက်ရှိတွင် ရခိုင် ငှက်ပျောတစ်ဖီးလျှင် ၁၅၀ကျပ်၊ ရွှေနီ၊ ရွှေဝါရှယ် တစ်ဖီးလျှင် ကျပ် ၁၅၀၀ ခန့်ရှိပြီး ရွှေနီနှင့် သီးမွှေး ငှက်ပျော တို့သည် တောင်ငူ ဒေသတွင်းပင်လျှင် ဈေးမြောက်ကြောင်း၊ ငှက်ပျောရှား သည့် ရာသီတွင် ကျပ် ၂၅၀၀ ခန့်ရှိကြောင်း တောင်ငူမြို့ ငှက်ပျော ပွဲစားကြီး တစ်ဦးက ရှင်းပြသည်။

လိပ်သိုလ်ဒေသထွက် ငှက်ပျောများကို တောင်ငူမြို့ ငှက်ပျောပွဲရုံ များမှတစ်ဆင့် နေပြည်တော် အာဟာရသုခဈေး၊ ကုန်စိမ်း ပွဲရုံများနှင့် ပဲခူးမြို့တို့သို့ မီးရထား၊ မော်တော်ယာဉ်များဖြင့် နေ့စဉ် တင်ပို့ပြီး တစ်ပတ်လျှင် ငှက်ပျောမျိုးစုံ အဖီးရေ သောင်းချီ တင်ပို့ကြောင်း၊ ရာသီချိန် တစ်ရာသီလျှင် ငှက်ပျောတန်ချိန် တစ်သောင်းခန့် တင်ပို့ကြောင်း တောင်ငူ မြို့ပေါ်ရှိ ငှက်ပျော ပွဲရုံလုပ်ငန်းရှင် ဦးအောင်ကျော်စိုးက ပြောကြားသည်။

Ref: The Voice Weekly

No comments:

Post a Comment