Monday, June 10, 2013

အကြမ်းဖက်ခံမြန်မာလုပ်သားအရေး အလုပ်သမားဝန်ကြီးဌာနမလေးရှား သွားရောက် ဖြေရှင်းမည် ရန်ကုန်၊ ဇွန် ၉

မလေးရှားနိုင်ငံ ဆာလာယန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံ မြန်မာ လုပ်သားများအရေးကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက လာမည့်ရက်သတ္တတစ်ပတ်အတွင်း သွားရောက်ဖြေရှင်း မည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူ အရာထမ်းတစ်ဦးက ပြောကြား သည်။

အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ထွက်ပြေး တိမ်းရှောင်နေခြင်းမှာလည်း မမှန်ကန်ကြောင်း၊ မိမိတို့နိုင်ငံသားများ အရေးကိစ္စအတွက် အစွမ်းကုန်ကာကွယ် ပေးသွား မည်ဖြစ်ကြောင်း၊ ထို့အတွက် အမြန်ဆုံးသွားရောက်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။

"ဖြေရှင်းပေးမယ်ဆိုလည်း အမြန်ဆုံး လာဖြေရှင်းစေချင်ပါတယ်။ ဒီမှာရှိတဲ့ အလုပ်သမားတွေကလည်း တထိတ်ထိတ်နဲ့ နေနေရတယ်" ဟု ဆာလာယန်းတွင် နေထိုင်နေသူ ဦးအောင်မြင့်က ဆိုသည်။

မလေးရှားနိုင်ငံ ဆာလာယန်းတွင် မေလ ၃၀၊ ၃၁နှင့် ဇွန်လ ၁ ရက်နေ့တို့၌ လူအုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှုများကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့်အတူ အေဂျင်စီ များ အသင်းချုပ်လည်း လိုက်ပါသွားမည် ဖြစ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်ထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ဇွန်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ အကြမ်းဖက်မှုများအား ချက်ချင်း စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ်မံမဖြစ် ပွားစေရေး ဆောင်ရွက်ပေးရန် သတိထောက်လွှာ ပေးအပ်ခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး တရားမဝင် နေ ထိုင်သူ လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရသည်။

No comments:

Post a Comment