Thursday, June 6, 2013

ကူညီသူမဲ့ နိုင်ငံသားများ


မြောက်များလှစွာသော မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြရပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေဟာ အမိမြေကိုမချစ်လို့ အမိမြေကို ဆန့်ကျင်ပြီးရောက်လာကြတာမဟုတ်ပါဘူး၊ ရောက်လာခဲ့သည် ရှိသော်လည်း လူနည်းစု အစွန်းထွက်ရာခိုင်နှုန်းလောက်ထက်ပိုမယ်မထင်ပါဘူး။ မြောက်များလှစွာသော မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံများမှာ နေထိုင်စဉ်ကာလတစ်လျောက်လုံး အမိမြေကို လွမ်းဆွတ်တမ်းတရင်း အမိမြေကပြုပြင်ပြောင်းလဲမှုသတင်းတွေကို အစဉ်အမြဲနားစွင့်နေကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

မြောက်များလှစွာသော ပြုပြင်ပြောင်းလဲမှုတွေကိုနားစွင့်ရင်းနဲ့ ၀မ်းသာကြည်နူးနေတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အဖျက်အဆီးတွေကို ကြုံလိုက်ရတော့ ကျနော်တို့ ပြည်ပရောက်မြန်မာတွေဟာ ရင်သတ်ရှုမောဖွယ်အတိ ရုပ်ရှင်ဇတ်ကားကြီးကို ကြည့်နေရသလို အားမလိုအားမရ ၀မ်းနည်းကြေကွဲမှုတွေဖြစ်လာရပါတော့တယ်။
ဇွန်လဟာ မြန်မာနိုင်ငံမှာတော့ မိုးဦးကာလ ကျောင်းတွေဖွင့်ခါစ ခလေးငယ်တွေ ကျောင်းတက်ရလို့ ပျော်နေကြမယ့်အချိန်ဖြစ်ပါတယ်။ မြောက်များလှစွာသော နိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာ အသုံးချခံရတဲ့ ဘာသာရေးပြသနာများကြောင့် မွတ်ဆလင်နိုင်ငံများ အထူးသဖြင့် မြန်မာနိုင်ငံသားအများစုနေထိုင်တဲ့ မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များဟာ ကျီးလန့်စားစား ဖြစ်ရပါတော့တယ်။

ဇွန်ဆန်းပိုင်းကနေစတင်ခဲ့တဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အသတ်ခံရမှုများဟာ ၄.၆.၂၀၁၃ မှာတော့ အသက်ပေးဆပ်လိုက်ရသူတွေနဲ့ မြောက်များလှစွာသော မြန်မာနိုင်ငံသားများဟာ အတွင်းလူနာတွေအဖြစ်ဆေးရုံအသီးသီးသို့ ရောက်ရှိသွားပါတော့တယ်။ ထိရောက်စွာ ကူညီမှုမရှိတဲ့ မလေးရှားမြန်မာသံရုံးနဲ့ တာဝန်ယူမှုနည်းပါးပြီး လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ မျက်မှောက်အခြေအနေကို ဥပက္ခပြုဖြေကြားချက်များကြောင့် ပြည်ပရောက် မြန်မာတွေရဲ့ ဆန့်ကျင်ပြောဆိုလာသံတွေ ပွက်ပွက်ညံလာပါတော့တယ်။ ပွက်ပွက်ညံလာတဲ့ လူထုနဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ အသံကို အလွယ်ကူဆုံးဖြေရှင်းနည်းအဖြစ် မြန်မာနိုင်ခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ မလေးရှားနိုင်ငံ သံအမတ်ကိုသတိထောက်လွှာပေးလိုက်ပါတော့တယ်။ ဘာတွေပါမှန်းမသိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတိထောက်လွှာကြောင့် အသတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတေ၊ွ လွတ်လပ်ပွင့်လင်းစွာ လိမ်လည်ပြောဆိုဥပက္ခပြုနေတဲ့ မလေးရှားနိုင်ငံဆိုင်မြန်မာသံရုံးနှင့် သံအမတ်ကြီးများကို မည်သို့မည်ပုံ တွန်းအားပေးထိရောက်မှုရှိသည်ကို သာမန်လူတန်းစား နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ သိရှိခွင့် အကျိုးခံစားခွင့်မရရှိကြသော်လည်း၊ ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၁ နာရီမှစတင်ပြီး ကွာလာလမ်ပူမြို့လယ် မြန်မာလူမျိုးအများစုလာရောက်စုစည်းရာ မြန်မာဆိုင်များနှင့် PUDU KOTARAYA အနီးတစ်ဝိုက်တွင်တော့ အကုသိုလ်ဂြိုလ်ဆိုးသည် တည့်တည့်ကြီးထိုးဆိုက်လာပါတော့သည်။

မလေးရှားနိုင်ငံဒေသအသီးသီးတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများသည် လိုအပ်သော မြန်မာအစားအစာများနှင့် အသုံးအဆောင်များဝယ်ယူရန် မိသားစုထံ ငွေလွဲပို့ရန် အစရှိသော အကြောင်းအမျိုးမျိုးဖြင့် ကွာလာလမ်ပူမြို့ Jalan Pudu နှင့် Kotaraya ကုန်တိုက်အနီးရှိ မြန်မာဆိုင်များရှိရာသို့ ရောက်လာကြရပါသည်။ မြောက်များလှစွာသော မလေးရှားအစိုးရအဖွဲ့အစည်းများ လူဝင်မှုကြီးကြပ်ရေး၊ ရဲနှင့် ပြည်သူ့စစ်(ရေလာ) အစရှိသော ပူးပေါင်းအဖွဲ့များသည် မြန်မာအများစုလာရောက်ရာ ကွာလာလမ်ပူရှိ မြန်မာဆိုင်များနှင့်လမ်းများကို ပိတ်ဆို့ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ပါတော့သည်။ ယခင်က အသီးသီးသော မြန်မာစားသောက်ဆိုင် ဈေးဆိုင်များအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခြင်းမပြုလုပ်သော်လည်း ယခုအခါတွင်မူ အဖွဲ့ပေါင်းစုံ ဖမ်းဆီးရေးများသည် အသီးသီးသော မြန်မာစားသောက်ဆိုင်၊ ဈေးဆိုင်များအတွင်းသို့ ၀င်ရောက်ကာ စားသောက်၊ ဈေးဝယ်နေသူများအပြင် ဆိုင်အလုပ်သမားများကိုပါ ဖမ်းဆီးပါလေတော့သည်။ အပြင်ဘက်လမ်းမများပေါ်တွင်လည်း မည်သည့်လူမျိုးလဲဟုမေးမြန်းကာ မြန်မာလူမျိုးဟုဆိုပါက အစစ်အဆေးမရှိ ဖမ်းဆီးပါလေတော့သည်။ ဖမ်းဆီးမှုများအားလုံးအပြီးမှာတော့ မြန်မာနိုင်ငံသား အယောက် ၃၀၀ မှ ၅၀၀ အတွင်းကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းဌာနများမှ ကြေငြာသွားပါလေတော့သည်။

ဖမ်းဆီးရမိသူများကို တရားဝင်ဟုတ်၊ မဟုတ်ပြန်လည်စစ်ဆေးပြီး လွတ်ပေးမှုများရှိသည်ဆိုသောကြောင့်၊ တရားဝင်နေထိုင်သူများအတွက် အချိန်တန်အိမ်ပြန်ရမည် မှန်ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င်နိုင်ငံခြားသားဖြစ်နေရသူ ရွှေအပေါင်းတို့အတွက် ကံဆိုးမိုးမှောင်ကျပါလေတော့သည်။ မလေးရှားနိုင်ငံသည် တရားမ၀င်နေထိုင်သူများကို ဖမ်းဆီးရမိပါက ယခင်က ထောင်ချလေ့ရှိပြီး ပြစ်ဒါဏ်ကျခံပြီးပါ ယိုးဒယားနှင့် မလေးရှားနိုင်ငံနယ်စပ်သို့ပို့ဆောင်လေ့ရှိပါသည်။ ထိုနေရာတွင် မြောက်များလှစွာသော လူပွဲစားများသည်နှင့် လူဝင်မှုကြီးကြပ်ရေးတို့ပူးပေါင်းပြီး လူအရောင်းအ၀ယ်လုပ်ပါတော့သည်။ မလေးရှားအင်မီဂရေးရှင်းမှ လွတ်ပေးလိုက်သော သူများကိုနယ်စပ်ရှိလူပွဲစားများမှ ပြန်ဝယ်ယူလိုက်ပြီး အိမ်တစ်လုံးထဲတွင် ဖမ်းဆီးထားလိုက်ပါသည်၊ ထို့နောက် သက်ဆိုင်ရာ မိသားစုထံသို့ဖြစ်စေ၊ မလေးရှားရှိ အပေါင်းအသင်းများထံသို့ဖြစ်စေ ပိုက်ဆံတောင်းခိုင်းပါသည်။ ပိုက်ဆံရောက်လာပါက မလေးရှားသို့ ပြန်ဝင်ချင်သည်ဖြစ်စေ၊ အမိမြေသို့ပြန်ချင်သည်ဖြစ်စေ ချောမောစွာ ပြန်နိုင်အောင်ပို့ဆောင်ပေးကြပါသည်။ ငွေမပေးနိုင်သူများ အဆက်အသွယ်မရှိသူများဆိုလျင်တော့ သွားပေအုံးတော့ ငါးဖမ်းလှေပေါ်သို့ဖြစ်ပါသည်။ ထိုကဲ့သို့ အကျည်းတန်လှသော စနစ်ဆိုးများကို မြောက်များလှစွာသော အလုပ်သမားအရေးလှုပ်ရှားသူများနှင့် လူအခွင့်ရေးသမားများ၏ ဝေဖန်မှုများကြောင့်ထိုစနစ်ဆိုးကြီး ပျက်သုဉ်းသွားသော်လည်း၊ မြန်မာနိုင်ငံသားများအတွက်မူ ထပ်မံပေါ်ပေါက်လာသော စနစ်သည်လည်း မထူးခြားနားပင်ဖြစ်နေပါတော့သည်။
လက်ရှိတွင် မလေးရှားအစိုးရသည် တရားမ၀င် ၀င်ရောက်လာသူများကို ဖမ်းဆီးရမိပါက ထိန်းသိမ်းရေစခန်း(ကန့်) များသို့ပို့ဆောင်လိုက်ပါတော့သည်။
ထို့နောက်တွင်မူ UNHCR နှင့် သက်ဆိုင်ရာ အေးဂျင့်၊ သူဌေးများက အထောက်အထားများပြပြီး ပြန်လည်ထုတ်ယူကြရပါသည်။ ထိုသို့အထောက်အထားမပြနိုင်သူမျာကို သက်ဆိုင်ရာ သံရုံးထောက်ခံစာဖြင့် မူရင်းနိုင်ငံများသို့ပြန်ပို့ပါသည်။ ထိုနေရာတွင် ပြောစရာရှိပါသည် ထိန်းသိမ်းရေးစခန်း(ကန့်)များထဲတွင်လူပေါင်းစုံကို စုပြုံထည့်ထားခြင်းဖြစ်ပါသည်။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူသတ်မှုသည် ထိန်းသိမ်းရေးစခန်း(ကန့်) အတွင်းသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုထိန်းသိမ်းရေးစခန်း(ကန့်)များတွင် ရောက်ရှိနေသူများသည် အများအားဖြင့် ဘင်္ဂလီခေါ်တောများဖြစ်နေကြပါသည်၊ ထို့ကြောင့် အသစ်ရောက်ရှိသွားမည့် မြန်မာလူမျိုးများအတွက်ကား………………………….?????????????????

တဖန်သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်း(ကန့်)အတွင်းရှိ မြောက်များလှစွာသေ မြန်မာနိုင်ငံသားများ၏ အခြေအနေသည်ကား မည်သို့ရှိမည်နည်း။ ထိုနေရာတွင် မလေးရှားအစိုးရသည် အင်ဒိုနီးရှားတွင် ဖြစ်သလိုမဖြစ်အောင် သက်ဆိုင်ရာထိန်းသိမ်းရေးစခန်း(ကန့်)အတွင်း တင်းကြပ်သော လုံခြုံရေးပေးနိုင်မည်လော……..?????

သက်ဆိုင်ရာသံရုံးများ၏ ကူညီမှုများသည်လည်း အထက်ပါအခြေအနေတွင် များစွာအကျိုးသက်ရောက်မှုရှိလေသည်။ အိန္ဒိယလူမျိုးများ ထိန်းသိမ်းရေးစခန်း(ကန့်)သို့ရောက်သောအခါ သက်ဆိုင်ရာ အိန္ဒိသံရုံးအရာရှိသည် ထိုအဖမ်းခံရသူများတပါတည်းလိုက်ပါလာပြီး ညတွင်းချင်း တစ်ညလုံးမအိပ်ပဲ မိမိလူမျိုးများ နေထိုင်ရေး ပြန်လည်လွတ်မြောက်ရေးအတွက် အိပ်တစ်လုံးလွယ်လျက် အားကြိုးမာန်တက်ဆောင်ရွက်ပါတော့သည်။ ထို့ကြောင့် အိန္ဒိလူမျိုးများသည် မည်မျှပင် တရားမ၀င် ၀င်ရောက်ခြင်းကြောင့် အဖမ်းအဆီးခံရသည်ဖြစ်စေ မကြာမီရက်အနည်းအငယ်အတွင်း မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိသွားတတ်ပါသည်။

ဗီယက်နမ်လူမျိုးများသည်လည်း ထိုနည်းတူစွာဖြစ်ပေတော့သည်။ အချို့သော ဗီယက်နမ်လူမျိုးများသည် တရားမ၀င်ဝင်ရောက်ခြင်းမဟုတ်ပဲ မလေးရှားရေပိုင်နက်အတွင်း ငါးခိုးဖမ်းခြင်းကြောင့် ထိန်းသိမ်းရေးစခန်း(ကန့်)များအတွင်း ထိန်းသိမ်းခြင်းကို ခံကြရပါသည်။ သို့သော်လည်း ထိုလူမျိုးများသည် မြန်မာလူမျိုးများလောက် စိုးရိမ်ကြောင့်ကြခြင်းအလျဉ်းမရှိကြပေ၊ အကြောင်းမူကား သက်ဆိုင်ရာ သံရုံးသည် မိမိနိုင်ငံသားများ လွတ်မြောက်ရေးအတွက်အစွမ်းကုန် ကြိုးစားပေးကြသောကြောင့်ဖြစ်ပေသည်။ ထိန်းသိမ်းရေးစခန်း(ကန့်)များအတွင်းတွင် ဆေးလိပ်ဆေးရွက်ကြီးသည် တရားမ၀င် ရှားပါးပစ္စည်းဖြစ်သော်လည်း ဗီယက်နမ်သံရုံးသည် မိမိနိုင်ငံသားများအတွက် ရိက္ခာပေးပို့ရာတွင် ခေါက်ဆွဲထုပ်များအတွင်းတွင်ဖြစ်စေ မရရအောင် ထည့်သွင်းပေးပို့ပေးကြောင်း ကြားသိရဖူးပါသည်။

ကျနော်တို့ ကိုယ်ရွှေကိုယ်မျိုး မြန်မာလူမျိုးများသည်ကား နှစ်ပါတ်တစ်ခါဝင်လေ့ရှိသော UNHCR ၏အကူအညီကားမရ၊ အမိမြေသို့ပြန်ရန်သံရုံးထောက်ခံစာအတွက် ထောင်ချီသောမလေးငွေရရန် ကျန်ရစ်သော အပေါင်းအသင်းများကို အပူကပ်ရင်း မျှော်လင့်ချက်မနက်ဖြန်များကို ငါးပြုတ်ရည်နှင့် လက်တစ်ဆုပ်စာထမင်းကို စားရင်း ဘ၀ရပ်တည်ရေးအတွက် ကြိုးစားအသက်ဆက်ရပေတော့မည်……………………………………။

အဖမ်းဆီးခံ မြန်မာနိုင်ငံသားများအားလုံး
ချောမွေ့စွာ အမိမြေသို့အမြန်ဆုံး ပြန်နိုင်ကြပါစေ။
David June. :’
--------------------------------------------------------
David June

No comments:

Post a Comment