Sunday, June 23, 2013

ပြည်မြို့တွင် ပုဒ်မ ၁၈၈ ပြန်လည်ရုပ်သိမ်း Sunday, June 23, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန်အတွက် ထုတ်ပြန်ထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ရုပ်သိမ်းလိုက်ပြီ
ဖြစ်ကြောင်း ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်သည်။

ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန်အတွက် လမ်းများပေါ်တွင် မည်သူမဆို တုတ်၊ ဓား၊ လက်နက်များနှင့် မီးလောင်စေမှုကို ဖြစ်ပွားစေသော ပစ္စည်းများကို ကိုင်ဆောင်ခွင့် မပြုနိုင်ရန် ထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ မှာ လက်ရှိတွင် အခြေအနေများ တည်ငြိမ် သွားပြီ ဖြစ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်အရ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အမိန့် ကြေညာစာအရ သိရှိရသည်။

ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသော မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများနှင့် မှော်ဇာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ အမိန့်ကြေညာစာ ပေးပို့ထားပြီး ၎င်းရုံးများတွင် အများပြည်သူ သိရှိနိုင်ရန် ကပ်ထားပေးမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံက သိရှိရသည်။

“ရုန်းရင်း ဆန်ခတ်မှုတွေ မဖြစ်ဖို့အတွက် ည ၁၂ နာရီ၊ ၁ နာရီလောက်ထိ ရပ်ကွက်ထဲကို လှည့်ပတ် ကြည့်ပြီး လုံခြုံရေး ယူရတယ်။ ဒီအမိန့်စာကို ရပ်ကွက်ရုံးရှေ့က ဘုတ်မှာ ကပ်ထားပေးမှာပါ” ဟု ရွှေကူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ကဲ့သို့ ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် အတွက် ပြည်မြို့နယ်တွင် မတ်လ ၂၇ ရက်နေ့မှ စတင်၍ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment