ရန်ကုန်မြို့တော်
စီးပွားရေးလုပ်ငန်းများနှင့် ရုံးအများစု အခြေစိုက်ရာ မြို့လယ်ကောင်။
အချိန်ကားညနေ ၆ နာရီဝန်းကျင်။ ဆူးလေဘုရားလမ်းနှင့်
အနော်ရထာလမ်းဆုံမီးပွိုင့်တွင် ယာဉ်များ
တစ်စီးနှင့်တစ်စီး ထိလုမတတ် တရွေ့ရွေ့သွားနေကြသည်။
မီးပွိုင့်ယာဉ်ထိန်းရဲများ၏ စကားပြောစက်ထဲမှယာဉ်လမ်းကြောင်း
သတင်းပို့သံများထွက်နေသည်။ကုန်သည်ကြီးများဟိုတယ်ဘက်မှ
ဆူးလေဘုရားလမ်းအတိုင်း မောင်းနှင်လာသည့် ၇င/− နံပါတ် ဟွန်ဒါအက်ကော့
ကိုယ်ပိုင်ယာဉ်က တည့်ယာဉ်ကြောမှတစ်ဆင့် ရုတ်တရက် အနော်ရထာလမ်းပေါ် သို့
လက်ယာဘက် ချိုးကွေ့လိုက်သည်။လက်မောင်းရစ်တစ်ရစ်ရှိ ယာဉ်ထိန်းရဲက ယင်းကားကို
ဝီစီမှုတ်၍ လမ်းဘေး ကပ်ရပ်တန့်စေကာ ယာဉ်အထောက်အထား
လက်မှတ်သိမ်းယူခဲ့သည်။ယင်းမှာ ယာဉ်ထိန်းရဲတို့၏ နိစ္စဓူဝ
အလုပ်များအနက်တစ်ခု။ သို့သော် ယင်းသို့သော အခြေအနေတွင်
ရဲတိုင်းလုံခြုံသလော။ အာဏာရှိသည်ဟု လူအများစုထင်လေ့ရှိသော
ရဲတပ်ဖွဲ့ဝင်အချို့မှာ ပွင့်စ မြန်မာတွင် ခြိမ်းခြောက်မှု ခံနေရပြီ
ဖြစ်သည်။သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ
တာမွေသို့ ပြေးဆွဲသည့် ခရီးသည်တင် ဘီအမ်ယာဉ်ကို မှတ်တိုင်မဟုတ်ဘဲ
တံခါးဖွင့်မောင်းသဖြင့် တာမွေယာဉ်ထိန်းတပ်စု ၂၇ မှ ယာဉ်ထိန်း
တပ်ဖွဲ့ဝင်သုံးဦးက ချလန်ဖြတ် အရေးယူခဲ့သည်။ အဆိုပါဘီအမ် ယာဉ်မောင်းက
ယင်းနေ့ညနေပိုင်းတွင် တာမွေမြို့နယ် လေးထောင့်ကန်လမ်း ILBC
ကျောင်းဆင်းချိန် ယာဉ်ကြောရှင်းနေသည့် ယင်းယာဉ်ထိန်းရဲသုံးဦးကို စကေဘာဖြင့်
လာရောက် ထိုးခဲ့သဖြင့် ၎င်းတို့သုံးဦးစလုံး ပြတ်ရှနှင့် ထိုးသွင်းဒဏ်ရာများ
ရရှိခဲ့သည်။သြဂုတ်လအတွင်းပင် ညပိုင်းစည်းကမ်းမဲ့ ယာဉ်များကို
စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးစဉ် အင်းလျားကန်ရှေ့ ကမ္ဘာအေးဘုရားလမ်း ပေါ်၌
မာ့ခ်တူးယာဉ် မောင်းနှင်သူက စစ်ဆေးသည်ကို မကျေနပ်၍ သုံးကြိမ်ခန့်
ပြန်လည်လာရောက် ဆဲရေးရန်ရှာခြင်းများ ရှိခဲ့ပြီး မတ်လကလည်း
တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းမီးပွိုင့်တွင် လမ်းရှင်းပေးသည့်
ယာဉ်ထိန်းရဲတစ်ဦးကို ယာဉ်မောင်း အမျိုးသားတစ်ဦးက ကားရပ်၍ လက်သီးဖြင့်
ဆင်းထိုးသည့် ဖြစ်ရပ်များ ပေါ်ပေါက်သည်။ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်
မီးပွိုင့်များတွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေရသည့် ယာဉ်ထိန်းရဲ
ဒုတပ်ကြပ်သက်ခိုင် (အမည်လွှဲ) ကမူ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ယခုကဲ့သို့
တုံ့ပြန်သည်။“သည်းခံရတာပဲ။ ဘာမှလုပ်လို့မှ မရတာ။ ပြည်သူမှာက ဥပဒေအကာအကွယ်
ရှိတယ်။ ရဲကမရှိဘူး” ဟု ခပ်လေးလေးဆိုသည်။ယူနီဖောင်းဝတ်
အစိုးရဝန်ထမ်းတစ်ဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီးပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ်(သို့မဟုတ်)
ငွေဒဏ်ကျပ်တစ် ထောင်ချမှတ်နိုင်ကာ တာဝန်ဝတ္တရား နှောင့်ယှက်မှုတွင်
နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်သည်ဟု
ယူဆပါက ထောင်ဒဏ်သုံးလ (သို့မဟုတ်) ငွေဒဏ်ကျပ်ငါးရာ၊ ပုဒ်မ ၁၈၉ အရ
ပြည်သူ့ဝန်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ်နှင့်
ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း ရှေ့နေများထံမှ
သိရသည်။သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်ကလည်း ပြစ်မှုကျူးလွန်သည့် ပြည်သူများကို
ယခုလိုရှုမြင်သည်။“တို့တိုင်းပြည်မှာ စိတ်အချဉ်ပေါက်မှုများလို့” ဟု
ဥပဒေချိုးဖောက်ကြသည့် အကြောင်းတရားကိုထောက်ပြသည်။ယဉ်ကျေးမှု အဆင့်အတန်း၊
အလုပ်ခွင် စိတ်ဖိစီးမှုများကို မှားယွင်းသည့် နည်းလမ်းဖြင့်
ထွက်ပေါက်ပေးခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှုကို မတွက်ချက်ကြခြင်းကြောင့်
ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။ပြည်သူနှင့် ဆက်ဆံသည့်အခါ
ရဲတပ်ဖွဲ့ဝင်များမှာ သတိထားရပြီး အမှုမခိုင်လုံဘဲ ဖမ်းဆီးပါက
အမြင်မကြည်လင်ဘဲ ရန်ရှာခံရနိုင်ကြောင်း ရဲအရာရှိတစ်ဦးက
ပြောကြားသည်။သို့ရာတွင် သူက ရဲတပ်ဖွဲ့ဝင်များမှာ ပြည်ထဲရေးဝန်ကြီးဌာန
ထုတ်ပြန်ထားသည့်ရဲကျင့်ဝတ် အချက် ၇၀ ကို လိုက်နာရသော်လည်း ပြည်သူနှင့်
အထက်အရာရှိအကြားတာဝန်ထမ်းဆောင်ရာတွင် နားလည်မှုလွဲသည့်အခက်အခဲများ
ရှိကြောင်း ပြောဆိုရင်း ယခုကဲ့သို့ ရင်ဖွင့်သည်။“ဥပဒေလိုက်နာအောင်
ပညာပေးတဲ့သူတွေ အတွက် အကာအကွယ် ပေးထားတဲ့ ဥပဒေမရှိဘူး” ဟု
ဆိုသည်။ရဲတပ်ကြပ်ကြီးတစ်ဦးကလည်း အများပြည်သူများရဲတပ်ဖွဲ့အပေါ်
အထင်အမြင်လွဲခြင်းနှင့် ပတ်သက်၍ သူ့အမြင်ကို ယခုလို ပြောဆိုသည်။ဥပဒေ
ချိုးဖောက်သူများကပေးသော လိုင်းကြေးကို လစာမလုံလောက်ခြင်းကြောင့်
ယူသည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို မကောင်းမြင်တတ်ကြကြောင်း ၎င်းက
ဝန်ခံသည်။တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက အဓိကပြဿနာမှာ
တရားဥပဒေစိုးမိုးရေး အားနည်းခြင်းနှင့် တရားဥပဒေကို မထေမဲ့မြင်
လုပ်ခြင်းများကြောင့်ဖြစ်ပြီး နိုင်ငံသားတိုင်း ဥပဒေကို လေးစားရန်
လိုအပ်ကြောင်း ထောက်ပြသည်။ ယခုဖြစ်ရပ်များတွင် အခြေခံ လူတန်းစားက
ကျူးလွန်ခြင်းနှင့် သြဇာအာဏာကို အသုံးပြု၍ ကျူးလွန်ခြင်းအဖြစ်
နှစ်မျိုးကွဲကြောင်း ၎င်းကဆိုသည်။အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေး မဏ္ဍိုင်ကို
လွှမ်းမိုးပါက သြဇာအာဏာ အသုံးပြု ဥပဒေချိုးဖောက်ခြင်းများ ရှိနိုင်ပြီး
အခြေခံ လူတန်းစားများကမူ အသိဉာဏ် ပညာရေချိန်နိမ့်ကျ၍ ဥပဒေကို နားမလည်ဘဲ
မိသားစုစားရေး၊ သောက်ရေး ပျက်စီးသည်ဟု ယူဆကာ ဒေါသရှေ့တန်းတင်ခြင်း
ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။“တရားဥပဒေ မစိုးမိုးရင် လွယ်လွယ်ကူကူ
ကျူးလွန်မှုတွေ များလာမယ်” ဟု ဦးအောင်စိုးထွန်းက
စိုးရိမ်စကားဆိုသည်။မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှုနှင့် ပတ်သက်၍
ဒုတပ်ကြပ်သက်ခိုင်က ယခုလိုရှင်းပြသည်။မီးပွိုင့်တာဝန်ကျ
ယာဉ်ထိန်းရဲအနေနှင့် စည်းကမ်းဖောက်ယာဉ်များကို တိုက်ရိုက်ဖမ်းဆီး၍မရဘဲ
နံပါတ်မှတ်သား၍ နေ့စဉ်စာရင်းတင်ခြင်း၊ နေရာတစ်ခုတွင် စည်းကမ်းမဲ့
မော်တော်ယာဉ် များပြားနေပါက လာရောက် ဖမ်းဆီးရန် အကြောင်းကြား
သတင်းပို့ခြင်း ပြုလုပ်ရကြောင်း၎င်းက ပြောဆိုသည်။ ညပိုင်းမှ
နံနက်အရုဏ်တက်ချိန်ထိ စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင်
ပါဝင်ရပါက ဖမ်းဆီးပိုင်ခွင့် ရှိကြောင်း ဒုတပ်ကြပ်သက်ခိုင်က
ဆိုသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူများကို ဥပဒေ
လေးစားလိုက်နာရန် ပညာပေးရမည် ဖြစ်ကြောင်း အလေးအနက်
ပြောဆိုသည်။တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းကလည်း ဦးသိန်းညွန့်နှင့်
အမြင်ချင်း တူညီသည်။အများပြည်သူကို ဥပဒေမှာလူတိုင်းနှင့် သက်ဆိုင်ကြောင်း၊
အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးသင့်ကြောင်း ဦးအောင်စိုးထွန်းက
အကြံပြုသည်။ ရပ်ကွက်အဆင့်မှစတင်ကာ ပညာပေးခြင်း၊ ဟောပြောပွဲများ
ပြုလုပ်ခြင်းတို့ လုပ်ပေးရမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။“NGO ပဲဖြစ်ဖြစ်၊
ဌာနဆိုင်ရာပဲ ဖြစ်ဖြစ် ရပ်ကွက်အဆင့် အသိပညာပေးပွဲတွေလုပ်သင့်တယ်” ဟု
၎င်းကဆိုသည်။၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တပ်ရင်းရဲတပ်သားအဖြစ်
စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ယာဉ်ထိန်းရဲအဖြစ် ကူးပြောင်းကာ
ဒုတပ်ကြပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ကိုသက်ခိုင်က သူတာဝန်ကျရာ
မီးပွိုင့်တွင် ည ၇ နာရီကျော်ထိ မော်တော်ယာဉ်များကို ဝီစီမှုတ် လက်ပြနေရင်း ည
၈ နာရီခွဲမှ နံနက် ၃ နာရီခန့်အထိ စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေး
ပူးပေါင်းအဖွဲ့တွင် သူပါဝင် တာဝန်ထမ်းဆောင်ရဦးမည့် အကြောင်း
ပြောပြသည်။အရေးယူမှုများအပေါ် အကြမ်းဖက် တုံ့ပြန်မှုများနှင့် ပတ်သက်၍မူ
ဒုတပ်ကြပ်သက်ခိုင်က ခပ်အေးအေးပင် ပြောဆိုသည်။“မှန်လိုပေါ့ဗျာ။
ကိုယ်ပြုံးပြရင် သူပြုံးပြမှာ”
(ကျော်စွာစိုး၊ အောင်အောင်ထွန်း)
The Voice Weekly
(ကျော်စွာစိုး၊ အောင်အောင်ထွန်း)
The Voice Weekly

No comments:
Post a Comment