Thursday, October 31, 2013

လက်ရွေးစင်ဘောလုံးအသင်း ရလဒ်ပေါ်မူတည်၍ ဆီးဂိမ်းဖွင့်ပွဲသီချင်း အပြောင်းအလဲရှိနိုင် သောကြာ

အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားတွင် လက်ရွေးစင်ဘောလုံးအသင်း၏ ရလဒ်ပေါ်မူတည်၍ ထည့်သွင်းသီဆိုမည့်သီချင်း အပြောင်းအလဲရှိနိုင်သည်ဟုဆို သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော် ၀ဏ္ဏသိဒ်္ဓိအားကစားကွင်း၌ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအကများ၊ အေရိုးဗစ်အကများ၊ မြန်မာ့ရိုးရာ ခြင်းလုံး သရုပ်ပြကွက်များ၊ ကမ္ဘာမြေစိမ်းလန်းရေးဖော်ကျူးထားသည့် တေးသရုပ်ဖော်မှုများ၊ ကျောက်ဆည် ဆင်အကများအပြင် စိုင်းစိုင်းခမ်းလှိုင်၊ နေနေ၊ သီရိဆွေ၊ မေခလာစသည့် နိုင်ငံကျော်အဆိုတော်များမှ တေးသီချင်းများဖြင့် ဖွင့်လှစ်သီဆိုမည် ဖြစ်သည်။

ဦးအေးမြင့်ကြူက “ဖွင့်ပွဲမှာ မေခလာဆိုတဲ့ “ဂိုးသွင်းကောင်းတဲ့ကိုကို”၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ဆိုထားတဲ့ ဂိုးသီချင်းတို့ကို ထည့်ဖို့ရှိပါတယ်။ ဒါပေမဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အနေအထား ပေါ်မူတည်ပြီး သီချင်းအပြောင်းအလဲရှိနိုင်ပါတယ်”ဟုပြောကြားခဲ့သည်။

ဆီးဂိမ်းတွင် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကိုဒီဇင်ဘာ ၁ ရက်တွင် စတင်ကစားမည်ဖြစ်ပြီး မြန်မာ့လက် ရွေးစင် ယူ-၂၃ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ တက်ရောက်နိုင်ပါက ဖွင့်ပွဲအခမ်းအနား၌ မေ ခလာ၊ စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့ သီဆိုထားသည့် “ဂိုးသွင်းကောင်းတဲ့ကိုကို” နှင့် ဂိုးသီချင်းများကို ထည့်သွင်းသွားရန်စီစဉ်ထားပြီး အကယ်၍ လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပါက ဖွင့်ပွဲ၌ အဆိုပါ ဘောလုံးသီချင်းများမှာ မပါဝင်နိုင်ဖွယ်ရှိနေသည်။ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲများကို ဒီဇင်ဘာ ၁ ရက်မှ ၂၁ ရက်ထိ နေပြည်တော်၊ ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းများတွင် ကျင်းပမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment