ပြည်တွင်း အပတ်စဉ်ထုတ်
သူရိယအလင်းဂျာနယ်ရဲ့ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့
မညီဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်လိုက်ပါတယ်။
သူရိယအလင်း ဂျာနယ်ဟာ မကြာသေးခင်ကမှာ လူတစုက ညအချိန်မတော် ဂျာနယ်တိုက်ကို
ဝင်ရောက်စီးနင်းခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ဂျာနယ် ဖြစ်ပါတယ်။
ဒီဂျာနယ်မှာ ရေးသားဖော်ပြထားချက်တွေဟာ အချက်အလက် မပါဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ များလို့ အခုလို သဘောထားထုတ်ပြန်ရတာလို့ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
“အမြင်သဘောထားတွေကို ရေးခွင့်ရှိပါတယ်။ ဒါပေမယ့် တချို့ဟာတွေက
ပုဂ္ဂိုလ်ရေးတွေနဲ့ နိုင်ငံရေး တိုက်ခိုက်မှုလိုဟာမျိုးတွေ အဲဒါတွေက
မီဒီယာထဲမှာ ဂျာနယ်လစ်ဇင် အသွင်မျိုးလို့ ထင်နေ၊ ယူဆနေကြတယ်။ ဒါက
အခြားနိုင်ငံမှာ ရင့်ကျက်တဲ့ စာဖတ်သူတွေက ရွေးချယ်တတ်မယ်။ ဒါပေမယ့်
မြန်မာနိုင်ငံလိုနေရာမျိုးမှာ ဘယ်က မှန်ကန်တဲ့ သတင်းအချက်အလက်လဲ၊ ဘယ်ဟာက
အမြင်သဘောထားလဲ ဆိုတာမျိုးကို စာဖတ်သူက သိပ်မသဲကွဲတဲ့ အချိန်မျိုးမှာ
ရောထွေးပြီးတော့ ဂျာနယ်လစ်ဇင်ကို အစိုးရရဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့
ထင်မြင်မှုမျိုးတွေ အားကောင်းလာမှာကို စိုးရိမ်တာပါ။”
စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးလို့ သူတို့ ဆိုလိုတဲ့ ဂျာနယ်ဟာ မကြာခင်ကမှ
ထုတ်ဝေမှု ရပ်သွားတဲ့ သူရိယအလင်းနဲ့ အသစ်ထုတ်ဝေလာတဲ့ သူရိယနေ၀န်းဂျာနယ် ၂
ခုစလုံးလို့လည်း ပြောပါတယ်။
ဂျာနယ်လစ်ကွန်ရက်ရဲ့ ကြေညာချက်မှာတော့
ကျင့်ဝတ်မညီပဲ ရေးသားမှုတွေကြောင့် သတင်းမီဒီယာလောကအပေါ် လူအများ
ယုံကြည်ကိုးစားမှု လျော့နည်း ကျဆင်းလာစေနိုင်တဲ့ အကြောင်းနဲ့
သတင်းမီဒီယာနယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှုနဲ့
နိုင်ငံရေး အကျိုးအမြတ် ရရှိအောင်လုပ်ဆောင်တာတွေကို ဆန့်ကျင်ရှုတ်ချတယ်လို့
ဖော်ပြထားပါတယ်။
သူရိယနေ၀န်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမိုးဟိန်းကတော့ ဂျာနယ်လစ်ကွန်ရက်ရဲ့ သဘောထား ထုတ်ပြန်ချက်ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။
“အာဏာရှင်တွေနဲ့ ခရိုနီတွေရဲ့ ဩဇာကရော၊ ကျနော့်ကို ပြောတဲ့
ပုဂ္ဂိုလ်တွေကရော ကင်းလွတ်ရဲ့လား။ သူတို့ကို ကိုယ်စားပြုပြီး ကျနော့်ကို
မေးနေတာလားဆိုတာ မေးမယ်။ သူရိယ အလင်းနဲ့ သူရိယနေ၀န်းသည် ကမ္ဘာ့စာနယ်ဇင်း၊
အမေရိကန်တို့လို၊ အင်္ဂလန်တို့လို ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရှိတဲ့
စာနယ်ဇင်း ကျင့်ဝတ်ကိုပဲ ကျနော်တို့ စံလုပ်ထားတယ်။ ကျနော်တို့
မြန်မာပြည်မှာလည်း ဒီမိုကရေစီ ရတဲ့ တနေ့မှာ မြန်မာပြည်ရဲ့
စာနယ်ဇင်းကျင့်ဝတ်သည် ကမ္ဘာ့စာနယ်ဇင်း ကျင့်ဝတ်နဲ့ တသားတည်း ဖြစ်စေရမယ်။
အဲဒီမတိုင်ခင် စပ်ကြားကာလမှာ ကျနော်တို့ကို သူတို့တိုင်းချင်တဲ့ ပေတံနဲ့
လာပြီးတိုင်းလို့ရှိရင်တော့ ကျနော်တို့ဘက်ကနေ ဒါကို
အသိအမှတ်မပြုနိုင်ဘူးဗျ။”
အောက်တိုဘာလထဲမှာပဲ သူရိယအလင်းဂျာနယ်ဟာ
ထုတ်ဝေသူက ဆက်လက် မထုတ်ဘဲ ရပ်နားလိုက်ပြီးတဲ့နောက် အယ်ဒီတာချုပ်က
သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်တစောင် ထပ်ထုတ်နေတာ ဖြစ်ပါတယ်။
စာနယ်ဇင်း
ကျင့်ဝတ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားများ အားလုံး ၀ိုင်းဝန်း
ထိန်းသိမ်းကြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
by ဒီဗွီဘီ
No comments:
Post a Comment