ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား
အောက်တိုဘာ
၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders
ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု
ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ
အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူ Miss Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ်
ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊
ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင်
စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂
နာရီခန့်တွင် ပြောကြားသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ
သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့်အတွက် အလျင်အမြန်
သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက်
၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်း
မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း
ဗုံးရှင်းလင်းရေးတပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders
တစ်ဝိုက်တွင် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
အမှတ် ၉၀၅ တပ်မတော်
အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ
မတွေ့ရပါဘူး။ ဆက်လက်ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁
နာရီတွင် ဖြေကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်
အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ ခင်ပွန်းနှင့် ကလေးနှစ်ဦးသည်
အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို
နေထိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေးအတွက်
Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့်
ဟိုတယ်အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။
by Eleven Media Group
No comments:
Post a Comment