Thursday, October 17, 2013

ဗုံးပေါက်ကွဲမှုများကြောင့် တိုင်းရင်းသားများနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုအား ထိခိုက်မည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဗုံးပေါက်ကွဲမှုများကြောင့် နိုဝင်ဘာလအတွင်း ပြုလုပ်မည့် တိုင်းရင်းသားများနှင့် သဘောတူ လက်မှတ်ရေးထိုးမှုအား ထိခိုက်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အောက်တိုဘာ ၁၅ ရက်တွင် သတင်းထောက်များသို့ ပြောကြားသည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် "ယခုကဲ့သို့ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဗုံးများပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းသည် နိုဝင်ဘာလတွင် ပြုလုပ်မည်ဟု ပြောနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထိခိုက်နိုင်ပါသလား"ဟု မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတအနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ နိုဝင်ဘာလအတွင်း သဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ယခုဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် ငြိမ်းချမ်းရေး ကိစ္စများကို ထိခိုက်စေမည် မဟုတ်ကြောင်း၊ အမှန်တကယ် နှောင့်နှေးမှုများ ဖြစ်ပေါ်လာပါက ထိုကဲ့သို့ ဖြစ်ပေါ်စေချင်သူများ၏ ရည်ရွယ်ချက် အောင်မြင်သွားနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ကိစ္စများကို နှောင့်နှေး ခံမည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"ကျွန်တော်တို့ကတော့ မထိခိုက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး process ကတော့ နှစ်ဖက်စလုံးက ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရအောင် တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးကတော့ သမ္မတကြီး မျှော်မှန်းထားတာကတော့ နိုဝင်ဘာလအတွင်းမှာ ကျွန်တော်တို့ သဘောတူညီချက် တစ်ခုလောက်တော့ လက်မှတ်ထိုးနိုင်မယ်လို့ မျှော်မှန်းပြီး ဆောင်ရွက်တာပါ။ဒါတွေက သီးခြားဆီပေါ့။ ဒါတွေက ဘာမှ ထိခိုက်စရာအကြောင်း မရှိပါဘူး"ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment