Monday, October 21, 2013

မုံရွာမြို့တွင် မွေးကင်းစ ကလေးသူငယ်တစ်ဦး၏ အလောင်းအား စွန့်ပစ်ထား သတင်း + ဓာတ်ပုံ = ကိုတိုးကြီး မုံရွာ၊ အောက်တိုဘာ ၂၀


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ သာစည်လမ်းနှင့် သံလမ်းဆုံနေရာ ရွှေတောင်ဝင် ပုဂ္ဂိလ အထူးကုဆေးရုံးကြီး အနီးတွင် ယခုလ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က မွေးကင်းစ ကလေးသူငယ်တစ်ဦး၏ အလောင်းအား တွေ့ရှိရ ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သာစည်လမ်းမီးပွိုင့်တာဝန်ကျ ရဲဝန်ထမ်းတစ်ဦး မှ ပြောကြားသည်။

လူသားမဆန်စွာ စွန့်ပစ်ခြင်းခံထားရသော မွေးကင်းစကလေးသူသည် မိန်းကလေးတစ်ဦးဖြစ်ပြီး ချက်ကြိုးပင်လျင် မဖြုတ်ရ သေးဘဲ ချက်ကြိုးတန်းလမ်းဖြင့် စွန့်ပစ်ထားခြင်းဖြစ်သည်။

စွန့်ပစ်ခံ ကလေးသူငယ်၏ လက်ညာဘက်တွင် ပတ်တီးပတ်ထား ပြီး ထိုပတ်တီးပေါ်တွင် မှင်အပြာရောင်ဖြင့် အင်္ဂလိပ်စာ အက္ခရာတချို့ရေးသား မှတ်ထားသည်ကိုတွေ့ရှိရသည်။

အဆိုပါ စွန့်ပစ်ခံ ကလေးသူငယ်၏ အလောင်းသည် ကြွပ်ကြွပ်အိတ်အဖြူရောင်ဖြင့်ထည့်ထုပ်၍ စွန့်ပစ်ထားခြင်းဖြစ်သည်။

ယနေ့မနက်စောစောပိုင်းအချိန်ခန့်က ခွေးများသည် ထိုအထုပ်အား ချီဆောင်ယူခဲ့ကြပြီး ခွေးများဟောင်နေသဖြင့် အနီးရှိလူ သူတချို့က သွားရောက်ကြည့်ရှု့ခဲ့ရာမှ ကလေးသေးလေးဖြစ်ကြောင်း သိရသည်။

ထိုကလေးငယ်၏ ကိုယ်ခန္ဒာပေါ်တွင် ပုရွက်ဆိတ်များတက်နေ သည်ကို မြင်တွေ့ရသည်။

ထို ကလေးသေရှိရာအရပ်သို့ မုံရွာနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ကျော်လှိုင်မိုး၊ မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူး နှင့်အ ဖွဲ့မှ ရောက်ရှိလာပြီး ချင်းတွင်းနာရေး ကူညီမှုအသင်း နိဗ္ဗာန်ယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံရှိ အအေးခန်းသို့ ပို့ဆောင်ထား ကြောင်းသိရှိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ချက်များအရ သေဆုံးသူကလေး၏ ၀ဲဘက်လက်တွင် ပါရှိသော ပတ်တီးလိပ်ပေါ်ရှိစာ တမ်းများအား မုံရွာပြုည်သူ့ ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်တစ်ဦး၏ ဘာသာပြန်ဆိုချက်များသည်

( B – Name = B – ထားကြည် ၊ sex - F = မိန်းကလေး ၊ D & T = 7; 30 Pm 19 / 2013 = ၁၉ ရက်နေ့ည ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊

(မှတ်ချက် ။ ကျန်အချက်အလက်များသည် သတင်းစာကျင့်ဝတ်များအရ ရေးသားဖော်ပြရန်မသင့်ဟု ယူဆမိ၍ မဖော်ပြနိုင်ပါ) ဟု သိရှိရသည်။

အဆိုပါ စွန့်ပစ်ခံမွေးကင်းစ ကလေးသည် မုံရွာပြည်သူ့ဆေးရုံကြီးမှ မနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က မွေးဖွားခဲ့သူ တစ်ဦးဖြစ်ကြောင်း ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားခဲ့သည်။

ဆေးရုံလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးမှလည်း မွေးသေ ကလေးဖြစ်တယ်ဆိုခဲ့ရင်လည်း မော်ကျူရီ( ရင်ခွဲရုံ)ထဲမှာရှိနေရမှာပါ။

ဒီကိစ္စက မီးဖွားခန်းနဲ့ မော်ကျူရီအကြားမှာ အချိတ်အဆက် မမိတဲ့ ပြသနာတစ်ခုလို့ ထင်မြင်မိပါတယ် …” ဟု ၎င်းမှဆိုသည်။

ထိုအရပ်သို့ လာရောက်ကြည့်ရှု့သူ လူတစ်ဦးမှ စွန့်ပစ်ခြင်းခံရ သည့် မွေးကင်းစ ကလေးသူငယ်သည် ဆေးရုံတစ်ခုခု၌ မွေး ဖွားခြင်းခံထားရသူဖြစ်ပြီး၊ မွေးဖွားပြီး အချိန်အနည်းခန်းတွင့် စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်းကြောင်း ၎င်း၏ အမြင်တစ်ရပ်ကို ပြောဆိုသည်။

ယခုနှစ်အတွင်း မွေးကင်းစ ကလေးသူငယ်များ၏ အလောင်များအား မကြာခဏစွန့်ပစ်ထားခြင်းခံရကြောင်း သိရသည်။ ထိုသို့ အလားတူဖြစ်စဉ်များကို ရွှေဘိုပြည်သူ့ဆေးရုံကြီး၏ အနောက်ဘက် ယူကလစ်တန်းနေရာတွင်တစ်ကြိမ်၊ ချောင်ဦးမြို့ နယ်အတွင်၌ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိလက အထူးကုဆေးရုံကြီးတချို့မှ ခွဲစိပ်ခန်းသုံး ရေဆိုးများအား ညအချိန်မတော်တွင် စက်ဖြင့်စုပ်ယူုပြီး ရေဆိုးတင်ကားများဖြင့် သယ်ဆောင် ကာ နေရာအတည်တကျမရှိ သွားရောက်စွန့်ပစ်တတ်ဟု သိရသည်။

ထိုသို့ ရေဆိုးများ စွန့်ပစ်ရာတွင် ရံဖန်ရံခါ မွေးကင်းစ ကလေးသူများ၏ ရုပ်အလောင်းများကိုလည်း ပါဝင်တတ်ကြောင်း မြင်တွေ့မိ သူ ဒေသခံတစ်ဦးမှ ပြောကြားသည်။

လွန်ခဲ့သည့် ၁၀ လ၀န်းကျင်ခန့်က အဆိုပါ ရေဆိုးသယ်သည့် ကားမှ ညောင်ပင်ဇောက်ရပ်ကွက်အတွင်းရှိ နေရာ တစ်နေရာတွင် ရေဆိုးများစွန့်ပစ်ပြန်သွားခဲ့ပြီးနောက် နာရီအတော်ခန့်အကြာ၌ ထိုနေရာမှ ခွေးများအူသဖြင့်

အနီးဝန်းကျင်ရှိ ဒေသခံပြည် များက သွားရောက်ကြည့်ရှု့ခဲ့ရာ မွေးကင်းစ ကလေးသူငယ်တစ်ဦး၏ ရုပ်အလောင်းအား ခွေးသုံးကောင်မှ ၀ိုင်းဆွဲကိုက်ဖဲ့ ထားသည့်အတွက် လူရုပ်ပြီးပြင်မှု မရှိတော့သည့်အနေအထားကို ထိုသူတို့မှ မြင်တွေ့ခဲ့ရဖူးကြောင်း

ယနေ့မနက် မွေးကင်းစ ကလေးသူငယ်အလောင်းစွန့်ပစ်ထား သည့် နေရာသို့ လာရောက်ကြည့်ရှု့သူ လမ်းသွားလမ်းလာ တစ်ဦးမှ ပြောကြား သွားခဲ့သည်။

Posted From ကိုတိုး ချင်းတွင်း

No comments:

Post a Comment