Thursday, October 31, 2013

ဦးကျော်သူ၏ “ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲနေ့ ၌ပင် အုပ်ရေ ၇၀၀ ကျော်ရောင်းရ ယုဝေ

အကယ်ဒမီဆုရှင် ဦးကျော်သူ၏ ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ထုတ်ဝေသည့် “ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် စာအုပ်ရေ ၇၀၀ကျော်အထိ ရောင်းချခဲ့ရပြီး စာအုပ်အော်ဒါ ၅၀၀ ကျော်မှာယူခဲ့ကြောင်း ပဉ္စဂံစာအုပ်တိုက်မှ ဦးအောင်သူက အောက်တိုဘာလ ၃၀ ရက်တွင် ပြောသည်။ “ကျွန်တော့်လို စာမရေးတတ်တဲ့ လူကိုစကားလုံးတွေ၊ ခံစားချက်တွေ ပေါက်ကွဲ ထွက်လာအောင် လုပ်ပေးခဲ့တဲ့ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့စစ်အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု ဦးကျော်သူက စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း သမ္မတရောဂါတက်နေချိန်တွင် ဦးကျော်သူ၏ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင် စာ အုပ်ထွက်လာချိန်တွင် နေပြည်တော်၌ အတော်ဂယယ်ရိုက်သွားသည်ဟု စာအုပ်မိတ်ဆက်ပွဲတွင် ပြော သည်။ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ လ၂၉ရက်က ကျရောက်ခဲ့သည့် ဦးကျော်သူ၏မွေးနေ့တွင် ဒဂုံမြို့နယ် စကားဝါလမ်းရှိ “မင်းကွန်းတိ-နိကျောင်း ရွှေကျောင်းတော်”၌ ပြုလုပ်ခြင်းဖြစ်သည်။

ဦးကျော်သူ၏ စာအုပ်မိတ်ဆက်ပွဲတွင် အလှမယ်ခင်ဝင့်ဝါနှင့် ဂုဏ်ရည်အေးကျော်တို့က အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုစာအုပ်ကို နိုဝင်ဘာလ ၁ ရက်တွင် တန်ဖိုး ၆၀၀၀ကျပ် ဖြင့် စတင်ဖြန့်ချိမည်ဖြစ်သည်။ ဦးကျော်သူသည် အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ “တစ်ဦးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ကို တည်ထောင်သူလည်းဖြစ်သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ် ၀န်းကျင်အထိ မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလတွင် လန်ဒန် ရောက်မြန်မာများက “ပြည်သူ့ဘက်သား အနုပညာသမားဆု” ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်”ဆု ရရှိခဲ့သည်။

Mizzima - News in Burmese'

No comments:

Post a Comment