(၂၇) ကြိမ်မြောက် SEA
Games ပြိုင်ပွဲ၏ အိုလံပစ် မီးရှူးတိုင်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပခဲ့သည့် ၁၉၆၉ ခုနှစ် ပဉ္စမ အကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲ၌
ရေကူးအားကစား နည်းမှ ရွှေတံဆိပ်ဆု သုံးခု ရယူပေးနိုင်ခဲ့သည့်
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ရွှေတံဆိပ်ဆုရ ကစားသမားများ၊
ငွေကြေး ထောက်ပံ့ ပေးထားသည့်
ကုမ္ပဏီများမှ ဝန်ထမ်းများက သယ်ဆောင်ကြမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦး က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးနန္ဒကျော်စွာသည် နေပြည်တော်
ကောင်စီရှိ မြို့တော်ခန်းမမှတစ်ဆင့် ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိ
အားကစားကွင်းသို့ အာရှနှင့် အရှေ့တောင်အာရှအဆင့် အားကစား ပြိုင်ပွဲများမှ
ရွှေတံဆိပ်ဆု ရခဲ့သည့် အားကစားသမား ၇၀ နှင့်အတူ သယ်ဆောင်မည်ဟု ၎င်းက
ရှင်းပြသည်။
ယင်းမီးရှူးတိုင်ကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ
လုပ်ငန်းရှင်များ အသင်းရုံး၌ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်မီးညှိပေးမည်
ဖြစ်ကြောင်း၊ ယင်းမီးတိုင်ကို ရွှေတံဆိပ်ရခဲ့သည့် ကစားသမားဟောင်း နှစ်ဦးက
သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ စင်မြင့်သို့ သယ်ဆောင်ရမည် ဖြစ်ပြီး
ယင်းမီးတိုင်မှမီးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
မီးရှူးစင်၌ ထွန်းညှိပေးမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်း သုတေသနဌာနခွဲမှ
ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ပြောကြားသည်။
ဖွင့်ပွဲကျင်းပမည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ
မီးရှူးစင်မှတစ်ဆင့် သစ္စာလမ်းဆုံသို့ ရွှေတံဆိပ်ဆုရ ကစားသမားဟောင်း ၂၀ က
တစ်ဦးလျှင် သုံးကီလိုမီတာစီဖြင့် ယင်းမီးရှူးတိုင်ကို သယ်ဆောင်ကြမည်
ဖြစ်ကြောင်း၊ နေပြည်တော်သို့ သွားမည့် ကားဂိတ် မရောက်မီထှိ SEA Games
ပြိုင်ပွဲအတွက် ငွေကြေး ရှာဖွေခွင့် ရခဲ့သည့် Dentsu Sports Asia
ကုမ္ပဏီနှင့် ငွေကြေး အများဆုံး ထောက်ပံ့ ပေးထားသည့် KBZ Group တို့မှ
ကိုယ်စားလှယ်များက တစ်ကီလိုမီတာစီ လက်ဆင့်ကမ်း သယ်ဆောင်ကြမည် ဖြစ်ကြောင်း
၎င်းကဆိုသည်။
ယင်းနောက် မီးရှူးတိုင်ကို နေပြည်တော်ရှိ မြို့တော်
ခန်းမသို့ မော်တော်ယာဉ်ဖြင့် ဆက်လက် သယ်ဆောင်ကာ နေပြည်တော်ကောင်စီ၏
ဒုတိယမြို့တော်ဝန်ကို ပေးအပ်မည် ဖြစ်ကြောင်း၊ ယင်းမှ တစ်ဆင့်
မီးရှူးတိုင်ကို နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရ အားကစားသမားဟောင်း ၇၀ က
ဖွင့်ပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ သယ်ဆောင်သွားမည် ဖြစ်ရာ
နောက်ဆုံး သယ်ဆောင်မည့်သူမှာ ဦးနန္ဒကျော်စွာ ဖြစ်ကြောင်း၊ ဝဏ္ဏသိဒ္ဓိ
အားကစားကွင်း အမိုးပေါ်တွင် ထားရှိသည့် အိုလံပစ် မီးရှူးတိုင်ကို
ဦးနန္ဒကျော်စွာထံမှ တစ်ဆင့် မြန်မာ့လက်ရွေးစင် မြားပစ် အားကစားသမား တစ်ဦးက
မီးကူး၍ မြားဖြင့်ပစ်ကာ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို
ဖွင့်လှစ်မည်ဟု အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအုန်းမြင့်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၄
နှစ် ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခွင့်ရသည့် (၂၇) ကြိမ်မြောက်
SEA Games အားကစားပြိုင်ပွဲ ဖွင့်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ
အားကစားကွင်း၌ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ရာ ရက်ပေါင်း ၅၇ ရက်သာ
ကျန်တော့သည်။
No comments:
Post a Comment