Tuesday, October 1, 2013

၂၀၁၇ တွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မည့် လူဦးရေ အစိုးရ လျာထားချက် မမီနိုင်ကြောင်း တယ်လီနော ဟောကိန်းထုတ် ရန်ကုန်၊ စက်တင်ဘာ ၃၀ The Voice Weekly

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ပမာဏ နိုင်ငံစုစုပေါင်း လူဦးရေ၏ ထက်ဝက်ခန့်သာ ရှိမည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည့် တယ်လီနောကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr.Jon Fredrik Baksaas ၏ ဟောကိန်းမှာ အစိုးရ လျာထားချက်အောက် လျော့နည်းသည်ကို တွေ့ရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော မိုဘိုင်းလ် အော်ပရေတာ လိုင်စင် စည်းမျဉ်းများအရ ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီ နှစ်ခုတို့ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ရောင်းချ တပ်ဆင်ရမည် ဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် မည်သည့်အချက်အပေါ် အခြေခံ၍ ထိုသို့ ဟောကိန်းထုတ်ခြင်းကို တယ်လီနောကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြောဆိုထားခြင်း မရှိပေ။
“တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅-၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီ လေးခုစလုံးက ဆောင်ရွက်ရမှာပါ။ အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ်” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် စက်တင်ဘာလ အတွင်းက ကျင်းပခဲ့သော Myanmar Connect 2013 တွင် ပြောကြားသည်။

နှစ်ရှည် ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းမျိုးဖြစ်ပြီး အခြေခံ အဆောက်အဦး အခက်အခဲများကြောင့် တဖြည်းဖြည်းချင်းသာ သွားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ပြောဆိုသည်။

၇၅ မှ ၈၀ ရာခိုင်နှုန်းမှာ အစိုးရ၏ တောင်းဆိုချက်ဖြစ်ပြီး ကုမ္ပဏီများကလည်း လုပ်နိုင်မည်ဟု ကတိပေးထားသည့် အတွက် စောင့်ကြည့်ရမည် ဖြစ်ပြီး ဖြစ်အောင်လုပ်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တယ်လီနောနှင့် အော်ရီဒူးတို့ကို ပြည်တွင်း မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ပြုထားသော်လည်း ဥပဒေကို စောင့်ဆိုင်းဆဲ ဖြစ်သည်။

No comments:

Post a Comment