Monday, November 18, 2013

ဝက်လက်မြို့နယ် ရေလည်တိုက်ကျောင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာကြီး ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရေလည်တိုက်ကျောင်းဝင်းအတွင်းရှိ ရေပေါ်တော်မူ ဘုရားဝင်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာကြီးတစ်ဆူသည် ပျောက်ဆုံးလျက်ရှိကြောင်း ယခုလ ၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က စတင်သိရှိရသည်ဟု အဆိုပါ ဘုရားဂေါပက ဥက္ကဌ ဦးပြေ့ဆိုသူမှ အတည်ပြုပြောကြား လိုက်သည်။

ဘုရားခြေတော်ကြီး ပျောက်ဆုံးနေကြောင်း စတင်သိရှိရသူမှာ ဘုရားဖူးလာရောက်သည့် မချစ်ချစ်ချိုင် ဆိုသူ အမျိုးသမီး တစ်ဦးမှ ဘုရားဂေါပကထံ လာရောက်ပြောပြသည့်အခါမှ ခြေတော်ရာကြီးပျောက်ဆုံးနေကြောင်း သိခဲ့ရခြင်းဖြစ်သည်ဟု ထိုသူမှ ဆိုသည်။

ပျောက်ဆုံးသွားသည့် ရှေးဟောင်းသမိုင်းဝင် အဆိုပါ ခြေတော်ရာကြီးသည် အလျား(၄)ပေ၊ ခြောက်လက္မ၊ အနံ (၃)ပေ၊ အမြင့်(၆)ပေခန့်ဖြစ်ကြောင်း ၀က်လက်မြို့မရဲစခန်းက မှတ်တမ်းများရယူထားသည်ဟု သိရသည်။

အဆိုပါ ပျောက်ဆုံးခြေတော်ရာကြီးအား စိုက်ထူထားသည့်နေရာ၏ နဂါးဦးခေါင်း နှစ်လုံးနှင့် ဘုရားတောင်ဘက်မုခ်ဝတွင် ခြေတော်ရာကြီး ခိုးယူစဉ်က အသုံးပြုခဲ့သည်ဟူ သက်ဆိုင်ရာမှ ယူဆရသော (၃၆) လက်မခန့်အရွယ်ရှိ သံကပ်ကြေးတစ်ခု၊ နှင့် တစ်ဘက်ကောက် သံတူးရွင်းတစ်လက်တို့ကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စီစစ်တွေရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြားသည်။

ဗုဓ္ဒဘာသာတရားအား ကိုးကွယ်ယုံကြည်မှု အစဉ်အလာကြီးရင့်သော ထိုဒေသရှိ ဒေသခံများသည် သက်ဆိုင်ရာလူကြီးများ လိုက်ပါလျက် ကျေးရွာအနီးဝန်ကျင်နေရာများ၌ လိုက်လံရှိဖွေခဲ့သော်လည်း ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာကြီးမှာ ပြန်မတွေ့ရတော့သည့်အတွက် အဆိုပါ ဘုရားဂေါပက ဥက္ကဌ ဦးပြေ့မှ ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် ၀က်လက်မြို့မရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင် တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုတိုင်တန်းချက်အား ၀က်လက်မြို့မရဲစခန်းက (ပ) ၃၅၄/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ /၂၉၅ အရ လက်ခံခဲ့ပြီး ထိုအမှုအား ဒုရဲအုပ် ရဲညွှန့်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ရှေးဟောင်း ဗုဓ္ဒ အမွေအနှစ်များထွန်းကားတည်ရှိရာ ဒေသကြီးတစ်ခုဖြစ်သည်။ ထိုတိုင်းဒေ သကြီးအတွင်းရှိ ဆားလင်းကြီး မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဘုတလင်မြို့နယ်များနှင့် မုံရွာမြို့နယ်များ တွင် ဗုဓ္ဒသာဿနိက ဆင်တုတော်၊ ရုပ်ပွားတော်များ ခိုးယူခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အမှုပေါ်ပေါက်မှု အခြေအနေမှာ အလွန်နည်းပါးလျက်ရှိကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

သတင်း၊ ကိုတိုးကြီး

ဟာဂျူလီ ကသာ

No comments:

Post a Comment