Sunday, November 10, 2013

စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံ ငါးလုံးကို တစ်လကျပ်နှစ်သိန်းဖြင့် Myanmar Egress သို့ ငှားရမ်းထား Eleven Media Group


ရန်ကုန်မြို့တွင် အိမ်ငှားရမ်း နေထိုင်ရသူ အများပြည်သူ အနေဖြင့် အထပ်မြင့် တိုက်ခန်းကျဉ်း တစ်ခန်းကိုပင် တစ်လလျှင် ကျပ်တစ်သိန်းခွဲအထိပေးကာ ငှားရမ်းနေထိုင်ရသည့် အချိန်တွင် စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံ ငါးလုံးကို တစ်လကျပ်နှစ်သိန်းဖြင့် Myanmar Egress သို့ ငှားရမ်းထားကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ စက်မှုဝန်ကြီးဌာနပိုင် မြေ ၂ ဒသမ ၄၇၈ ဧကပေါ်တွင် အဆောက်အအုံ ၁၂ လုံး တည်ဆောက်ထားကြောင်း၊ အဆိုပါ အဆောက်အအုံ ၁၂ လုံးထဲမှ ငါးလုံးအား တစ်နှစ်လျှင် ကျပ် ၂၄ သိန်းဖြင့် ငါးနှစ်အထိ ငှားရမ်းခွင့် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ ငါးလုံးအား တစ်နှစ်ကျပ် ၂၄ သိန်းဖြစ်ရာ အဆောက်အအုံ တစ်လုံးလျှင် တစ်လ ကျပ် ၄၀၀၀၀ နှုန်းသာ ကျသင့်သည့်အတွက် လက်ရှိရန်ကုန်မြို့တွင် အိမ်ရာတိုက်ခန်း၊ အဆောက်အအုံ ငှားရမ်းခ ပေါက်ဈေးဖြင့် နှိုင်းယှဉ်လျှင် များစွာသက်သာသည့်နှုန်းဖြင့် ငှားခွင့်ရခြင်းလည်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့သော ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ မသိရပါ။ ထို့အပြင် ယခုအစိုးရသစ် လက်ထက်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အနေဖြင့် ပုဂ္ဂလိကသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လုပ်ကိုင်ခွင့်များ ချထားပေးခြင်း အများအပြားတွင် စံနှုန်းသတ်မှတ်ချက် မရှိဘဲ ယခုကဲ့သို့ လက်သင့်ရာ ငှားရမ်းမှုများကြောင့် နိုင်ငံဘဏ္ဍာအတွက် နစ်နာဆုံးရှုံးခဲ့သော ဖြစ်ရပ်များစွာ ရှိခဲ့ကြောင်း ရရှိထားသော သတင်းအချက် အလက်များအရ သိရသည်။

မကြာသေးမီကလည်း ယခင်အစိုးရလက်ထက် ပြောင်းခါနီးတွင် ထူးကုမ္ပဏီ အုပ်စုသို့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို သက်သာသော ဈေးနှုန်းဖြင့် ငှားရမ်းခဲ့သည့်အတွက် နှုန်းထားများ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခု အစိုးရ လက်ထက်တွင် ယင်းကဲ့သို့ ငှားရမ်းမှုများသည် တိုင်းပြည် ဘဏ္ဍာငွေများ နစ်နာမှုများ ရှိခဲ့သဖြင့် လွှတ်တော်နှင့် အဖွဲ့အစည်း အဆင့်ဆင့်မှ စစ်ဆေးပြီး အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာစွာ ဖော်ပြပြီး နှုန်းထားများ ပြန်လည်ပြင်ဆင် သတ်မှတ်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့သော Myanmar Egress သည် NGO အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သုတေသနနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကို ပို့ချရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ အဖွဲ့ကို Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် (ကွယ်လွန်) အပါအ၀င် လုပ်ငန်းရှင် ခုနစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဖွဲ့ဥက္ကဋ္ဌ တာဝန်ကို ဦးတင်မောင်သန်း (မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)က တာဝန်ယူခဲ့ကာ ဦးလှမောင်ရွှေက ဒုတိယဥက္ကဋ္ဌ၊ ဦးဆန်နီညွန့်သိန်းက ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာနေ၀င်းမောင်က အထွေအထွေ အတွင်းရေးမှူး၊ ဒေါက်တာကျော်ရင်လှိုင်က ပညာရပ်ဆိုင်ရာနှင့် သုတေသန ဒါရိုက်တာ၊ ဦးကျော်နီခင်က စီမံကိန်း ဒါရိုက်တာ၊ ဦးရဲမြတ်သူက နည်းပညာဆိုင်ရာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ကြောင်း Myanmar Egress ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာ့နိုင်ငံရေးတွင် "တတိယ အင်အားစု" ဟု သတ်မှတ်ခံခဲ့ရသော Myanmar Egress ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ထောက်ခံသော NGO အဖြစ် ရှုမြင်မှုများ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အချို့ကို ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် Myanmar Egress အဖွဲ့မှ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေနှင့် ဒေါက်တာကျော်ရင်လှိုင်တို့သည် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့သော အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီတွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့သည်။

ထို့အတူ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ ပါဝင်သော မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို (MPC) တွင်လည်း Myanmar Egress မှ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးကျော်စိုးနိုင်တို့ ပါဝင်လျက် ရှိသည်။

Myanmar Egress သို့ ငှားရမ်းထားသည့် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ စက်မှုဝန်ကြီးဌာနပိုင် မြေနေရာပေါ်မှ အဆောက်အအုံများအား တွေ့ရစဉ်

No comments:

Post a Comment